အန္တာတိကဒေသမှာ ပထမဆုံးအကြိမ် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ့ရှိ
ရောင်နီ (NSS) - အောက်တိုဘာ ၂၆
အန္တာတိကဒေသမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ဗြိတိန်ကျွမ်းကျင်သူတွေက တနင်္လာနေ့(အောက်တိုဘာလ ၂၃ ရက်)မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ ပင်ဂွင်းတွေနဲ့ အခြားဒေသခံ မျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်တာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကူးစက်မှုတွေထဲက တစ်ခုဖြစ်တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဟာ ငှက်များစွာ အဓိကပေါက်ဖွားရာ နေရာဖြစ်တဲ့ အန္တာတိကတိုက်မှာ ကူးစက်ပျံ့ပွားလာမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ တောင်အမေရိက အစွန်အဖျားနဲ့ အန္တာတိက အဓိကမြေထု မြောက်ဘက်၊ ဗြိတိသျှပင်လယ်ရပ်ခြားပိုင်နက်နယ်မြေ တောင်ဂျော်ဂျီယာရှိ ငှက်ကျွန်းမှာ သေဆုံးခဲ့တဲ့ အညိုရောင် ပင်လယ်ငှက်တွေရဲ့ နမူနာတွေကို စစ်ဆေးကြည့်ရာမှာ ကြက်ငှက်တုပ်ကွေး positive ဖြစ်နေတာ တွေ့ရှိခဲ့တယ်လို့ ဗြိတိန်ဝင်ရိုးစွန်း သုတေသနဌာနက တနင်္လာနေ့ (အောက်တို ဘာလ ၂၃ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားတဲ့ တောင်အမေရိကကို ရွှေ့ပြောင်းနေထိုင်ရာမှ ပြန်လာတဲ့ ငှက်တွေမှာ ဒီဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်နိုင်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ တောင်ဂျော်ဂျီယာနဲ့ တောင်ဆန်ဝှစ်ကျွန်းတွေကို သွားရောက်လည် ပတ်တဲ့ ခရီးသွား ဧည့်သည်တွေအတွက် ဇီဝလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်နေပြီး အဲဒီနေရာမှာ ငှက်တွေပါ၀င်တဲ့ သိပ္ပံပညာဆိုင်ရာ ကွင်းဆင်းလေ့လာမှုတွေကို ရပ်တန့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါဟာ ၎င်းစတင်ဖြစ်ပေါ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်မှစ ပုံမှန်လို ဖြစ်နေခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစကာ တောင်အမေရိကအပါအဝင် ယခင်က ကူးစက်မှု မဖြစ်ဖူးတဲ့ ဒေသတွေကိုပါ ပြန့်နှံ့လာခဲ့ကာ တောငှက်တွေကြား အစုလိုက် အပြုံလိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ကြက်ငှက်သန်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘယ်သူဘယ်ဝါမှန်း မသိ၍ အစုအပုံလိုက် မြေမြှုပ်သဂြိုဟ် မခံရစေရန် မိမိနှင့်မိသားစုအမည်ပါ လက်ပတ်ကြိုးများကို ဂါဇာပါလက်စတိုင်းမိသားစုတို့ ၀တ်ဆင်နေကြရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ