မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားခေါ်ယူမည့်သတင်း မှန်ကန်မှုမရှိကြောင်း ကိုရီးယားသံရုံးအသိပေး
NSS - အောက်တိုဘာ ၂၅
တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများခေါ်ယူမည့် သတင်းသည် မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက အသိပေးထုတ်ပြန်ထားသည်။
Facebook လူမှုကွန်ရက်ပေါ်တွင် တစ်နှစ်လျှင် ရှစ်လကြာ အလုပ်လုပ်ကိုင်ရမည့် ရာသီချိန် အလုပ်သမား ခေါ်ယူမည်ဆိုသည့် သတင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများသည် တောင်ကိုရီးယားအစိုးရနှင့်မသက်ဆိုင်သည့်အပြင် ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သော တစ်စုံတရာ ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း အောက်တိုဘာလ ၂၃ ရက်တွင် တောင်ကိုရီးယားသံရုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရနှင့် တောင်ကိုရီးယားအစိုးရအကြားတွင် ရာသီချိန်အလုပ်သမားခေါ်ယူမည့်ကိစ္စအပေါ် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားခြင်း မရှိကြောင်း ၊ မြန်မာမှ ရာသီချိန်အလုပ်သမား ခေါ်ယူမည်ဆိုပါက တောင်ကိုရီးယားအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များနှင့် တိုက်ရိုက်ချိတ် ဆက်ကာ ခေါ်ယူမည်ဖြစ်ပြီး ကြားခံအလုပ်ပွဲစားနှင့် ပြည်ပအလုပ်အကိုင်အကျိုး ဆောင်အေဂျင်စီများသို့ ဆောင်ရွက်ခွင့်ပေးအပ်မည်မဟုတ်ကြောင်း သိရသည်။
"ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံက ဘာမိန်းကလေးမှလည်း မခေါ်သလို ၊ ဘာရာသီချိန်လုပ်သားမှလည်း မခေါ်သေးပါဘူး။ နောင်တစ်ချိန်မှာ ရှိလာနိုင်မယ်လို့ပဲ ပြောကြတာဖြစ်တယ်။ နောင်တစ်ချိန်ဆိုတာ ၅ နှစ်ကြာမလား ၊ ၁၀ နှစ်ကြာမလား မသိပါဘူး"ဟု ကိုရီးယားဘာသာစကားသင်ကျောင်းဆရာတစ်ဦးက NSS ကို ပြောသည်။
လက်ရှိအချိန်တွင် နယ်မြို့များ၌ အေဂျင်စီအမည်ခံများနှင့် ကြားခံပွဲစားများက တောင်ကိုရီးယားသို့ ရာသီချိန် အလုပ်သမားများအဖြစ် တစ်နှစ်လျှင် ရှစ်လကြာ သွားရောက် အလုပ်လုပ်ခွင့်ရမည်ဟု ဝန်ဆောင်ခကြိုတင်ငွေတောင်းခံခြင်းများရှိနေသည့်အပြင် သင်တန်းကျောင်းအချို့ကလည်း ရာသီချိန်အလုပ်သမားများအတွက် သင်တန်းတက်ရောက်နိုင်ကြောင်း ပြောဆိုစည်းရုံးမှုများ ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွာငံမြို့နယ်ရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် MYEL တာဝါတိုင်ကို PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ