ဂါဇာဒေသအပေါ်ပြုလုပ်နေသော အစ္စရေး၏လုပ်ရပ်များကို အမေရိကန်သမ္မတဟောင်း အိုဘားမား သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
ဂါဇာဒေသအပေါ် ပြုလုပ်နေသော အစ္စရေး၏လုပ်ရပ်များသည် ကာလအတန်ကြာအကျိုးဆက်များရှိနေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်ပြုလုပ်သော အစ္စရေး၏လုပ်ရပ်အချို့သည် ပါလက်စတိုင်း မျိုးဆက်သစ်များအတွက် ခက်ခဲမှုများဖြစ်လာစေနိုင်သလို အစ္စရေးနိုင်ငံကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများက အားပေးထောက်ခံမှုများ လျော့နည်းစေကြောင်း အိုဘားမားကပြောသည်။ အစ္စရေးသည် ဂါဇာဒေသကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် ရေဖြတ်၊ မီးဖြတ်၊ အစားအစာဖြတ်တောက်မှုများ လုပ်ဆောင်ထားကြောင်းသိရသည်။ အစ္စရေး၏ စစ်ရေးမဟာဗျူဟာများသည် စစ်ပွဲအတွင်းလူသားများထိခိုက်ပျက်စီးရမှုတွေကို မသိကျိုးကျွံပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဟောင်း အိုဘားမားကဝေဖန်ထားသည်။
အိုဘားမားက "အစ္စရေးအစိုးရရဲ့ ဂါဇာဒေသကို မီးဖြတ်၊ရေဖြတ်၊ အစားအစာဖြတ်တောက်ခြင်းဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီနဲ့ပတ်သက်ပြီး အခက်အခဲများပိုမိုမြင့်တက်စေရုံသာမကပဲ ပါလက်စတိုင်းမျိုးဆက်တွေကို ထပ်မံခက်ခဲမှုတွေဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ အစ္စရေးအပေါ်နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကျဆင်းလာနိုင်တယ်။ နိုင်ငံတကာရဲ့အားပေးထောက်ခံမှုတွေဟာ အစ္စရေးရဲ့ရန်သူဖြစ်တဲ့ ဟားမက်စ်အဖွဲ့လက်ထဲကိုရောက်ရှိသွားမှာပါ"ဟု ပြောသည်။
အိုးဘားမားက အစ္စရေးအပေါ်တိုက်ခိုက်ခဲ့သော ဟားမက်စ်အဖွဲ့၏တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချထားပြီး အစ္စရေးသည် ၎င်း၏အခွင့်အရေးအတွက် ကာကွယ်ခွင့်ရှိသော်လည်းစစ်ပွဲများတွင် အရပ်သားများ ထိခိုက်ပျက်စီးမှုများ၊ အန္တရာယ်ရှိမှုများကို သတိထားဆောင်ရွက်စေလိုကြောင်းပြောသည်။
အစ္စ ရေး နှင့် ဟားမက်စ်တို့သည် အောက်တိုဘာလ ၇ ရက်က စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော် သေဆုံးခဲ့သလို ပါလက်စတိုင်း ၅၀၀၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ အိုဘားမား အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးရေးမြို့နယ်စပ်တွင် မြန်မာနိုင်ငံသား သုံးဦးကို ခိုးယူထားသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိဟု အိန္ဒိယရဲတပ်ဖွဲ့ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ