ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် ပုလောမြို့နယ်ရှိ (၁၄၂၄)ဧက ကျယ်ဝန်းသောနယ်မြေကို “ပြင်ဘုကြီး(၂)ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်
စော(NSS) - အောက်တိုဘာ ၂၃
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ (၁၄၂၄)ဧက ကျယ်ဝန်းသော နယ်မြေကို “ပြင်ဘုကြီး (၂)ဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ်” သတ်မှတ်ခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများကို ကာကွယ်ရန်နှင့် ပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသော ရေသယံဇာတများ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ တနင်္သာရီတိုင်း၊ ပုလောမြို့ နယ်ရှိ ဧရိယာအကျယ်အဝန်း (၁,၄၂၄)ဧကရှိသော နယ်မြေကို “ပြင်ဘုကြီး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ (၂၀)ရက်တွင် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့သို့သတ်မှတ်ခြင်းကြောင့် အဓိက ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်းစသည့် အဖိုးတန်သစ်မျိုးများ နှင့် လမု၊ လဘ၊ သမဲ့ဖြူ နှင့် ဓနိပင် စသည့် ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အင်းကျား၊ ကျားပြောက်၊ တောကြောင်၊ မျောက်တံငါ၊ ဖွတ်၊ ဖျံ၊ မြွေစသည့် တိရစ္ဆာန်များ နှင့် သစ်တောက်ငှက်၊ သိမ်း၊ စင်ရော်၊ ကြက်တူရွေး၊ ပျံလွှား၊ ဒီးဒုတ်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ သား၊ ငါး၊ ပုစွန်များစသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း နှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန်ခြိမ်းခြောက်မှုအခံရဆုံးစာရင်းတွင် ပါဝင်နေကြောင်း UN Myanmarမှ ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့(International Day of Disaster Risk Reduction)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သက်တမ်းတိုး နိုင်ငံကူးလက်မှတ်များထုတ်ပေးမည့်အချိန် ပြောင်းလဲသွားမည်ဟု ဂျပန်နိုင်ငံရှိ မြန်မာသံရုံးထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ