မုန်တိုင်းငယ်၏အရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုဇလအသိပေး
စော(NSS) - အောက်တိုဘာ ၂၂
မုန်တိုင်းငယ်၏အရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလမှ နံနက် (၅)နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသော်လည်း အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက်တစ်ရက်အတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီး မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ နောက်နှစ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် (အောက်တိုဘာလ ၂၅ ရက်)တွင် ၎င်းမုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
မုန်တိုင်းငယ်ကြောင့် နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ယနေ့ (အောက်တိုဘာလ ၂၂ ရက်)မှ (၂၅)ရက်အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ကြောင်း သိရသည်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလမှအသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူဦးရေအပေါ်မူတည်၍ တစ်နေ့တာ လိုအပ်နိုင်မည့် သား၊ ငါး၊ ဥအမျိုးမျိုးကို စနစ်တကျတွက်ချက်ကာ မွေးမြူရေးဇုန်များတိုးချဲ့ရန် နစကဥက္ကဋ္ဌတိုက်တွန်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ