စည်းရုံးရမည့် ပါတီဝင်ဦးရေ ပြည့်မီခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ဟု ကော်မရှင်ဥက္ကဋ္ဌ သတိပေး
မျိုးကြီး (NSS) - အောက်တိုဘာ ၂၂
အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ ပြည့်မီခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း UEC ဥက္ကဋ္ဌက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးက ယမန်နေ့ (အောက်တိုဘာလ ၂၁ ရက်) တွင် မန္တလေးမြို့၌ နိုင်ငံရေးပါတီ(၆)ပါတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်အချိန်တွင် အထက်ပါကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိ နစကအစိုးရသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်နှင့် နည်းဥပဒေများကို ယခုနှစ်အတွင်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။
၎င်းဥပဒေတွင် နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်အင်အားအနည်းဆုံး တစ်သိန်းနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင်ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်း စုဆောင်းရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။
အလားတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှစ၍ ရက်ပေါင်း (၁၈၀)အတွင်း ဥပဒေအရ အနည်းဆုံးသတ်မှတ်ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည်ဟုလည်း ဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သတ်မှတ်ကာလအတွင်း အနည်းဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည်မဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့သည်။
နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်အရွေးခံကာ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့်သူများဖြစ်သည့်အတွက် ခိုင်မာအား ကောင်းသော ပါတီထူထောင်မှုရရှိစေရန် ယခုကဲ့သို့ စိစစ်ရခြင်းဖြစ်ကြောင်းလည်း ကော်မရှင်ဘက်က အသိပေးထားသည်။
လက်ရှိတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ယခင်က နိုင်ငံရေးပါတီပေါင်း (၉၀)ဝန်းကျင်ခန့်ရှိခဲ့ပြီး နစကအစိုးရမှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ဥပဒေအရ မှတ်ပုံတင်ပြန်လည်မလျှောက်ထားခြင်းကြောင့် NLD အပါအဝင် ပါတီပေါင်း(၄၀)သည် ဖျက်သိမ်းခြင်းခံခဲ့ရသည်။
လက်ရှိတွင် UEC ၌ မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီ(၆၄)ပါတီရှိပြီး ယင်းတို့အနက်မှ ပါတီပေါင်း(၃၇)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ပြည်သူ့ရင်ပြင်၌ကျင်းပမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၅၀၀) ပါဝင်ပြသရောင်းချသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ