ရေးမြို့တံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် (၁၀)ဦးထက်မနည်းသေဆုံးခဲ့ဟုဆို
မြူနစ် (NSS) - အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ ရေးမြို့၊ ရေးချောင်းတံတားရှိ လုံခြုံရေးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာလ ၂၀ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်တွင် PDF ပူးပေါင်းအဖွဲ့များ သည် ရေးမြို့တံတား၌ လုံခြုံရေးယူနေသည့်အဖွဲ့ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ရေးမြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NSS ကိုပြောသည်။
“ရေးမြို့အဝင်မှာ ရေးချောင်းတံတားကြီးရှိတယ်။ အဲဒီတံတားမှာ လုံခြုံရေးယူထားတာရှိတယ်။ လုံခြုံရေးယူထားတဲ့အဖွဲ့ကို လာပစ်တာပေါ့။ လာပစ်ပြီးတော့ နောက်ဆုတ်သွားတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့က ထပ်ပြီးလိုက်တာပေါ့။ အဲဒီမှာ ကြားကနေ တစ်ဖက်က ကြားဖြတ်ဝင်တိုက်တာပေါ့”ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ပြောသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့မှ အရာရှိအပါအဝင် လူ(၁၀)ဦးထက်မနည်းသေဆုံးသွားခဲ့ကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ရေးမြို့တံတားရှိ လုံခြုံရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်ထံသို့ NSS အနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော်ဆီကိုတော့ ဘာမှရောက်မထားဘူး။ ဘာမှ သတင်းမပို့သေးဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
အခြားတစ်ဖက်တွင် ရေးမြို့တံတားရှိ လုံခြုံရေးအဖွဲ့ကို MSRF၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့နှင့် ABSDF တပ်ရင်း(၁)တို့က ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လုံခြုံရေးအဖွဲ့ဘက်မှ အရာရှိ (၂)ဦးအပါအဝင် (၂၇)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ၎င်းတို့ ပူးပေါင်းအဖွဲ့ဘက်မှလည်း (၁၀)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း RPG (၁)လက်အပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း၏ရုပ်အလောင်းအား (၁၀)နာရီနီးပါး ခက်ခက်ခဲခဲထုတ်ယူခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ