ဝိုင်းမော်-ချီဖွေလမ်းတွင် ဆောက်လုပ်ရေးလုပ်သားများလိုက်ပါလာသော ကားတစ်စီး တိမ်းမှောက်ခဲ့ရာမှု (၇)ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - အောက်တိုဘာ ၂ဝ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ချီဖွေသွားကားလမ်းတွင် ဆောက်လုပ်ရေးလုပ်သားများ လိုက်ပါလာ သည့် (၁ဝ)ဘီးကားတစ်စီး တိမ်းမှောက်မှုကြောင့် (၇)ဦး ပွဲချင်းပြီး သေဆုံးကာ (၂၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(အောက်တိုဘာလ ၁၉ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်အချိန်တွင် ဝိုင်းမော်မြို့ နယ်၊ ရှငေါ်ကျေးရွာအနီး၊ ဝိုင်းမော်-ချီဖွေသွားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း ထံမှ သိရသည်။
“ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ကားလို့သိရတယ်ဗျ။ သံချောင်းတွေ ဘိလပ်မြေတွေပါတယ်။ ကားက ဘရိတ် ညှပ်ပြီး နောက်ပြန်လိမ့်တာမှာ ချောက်ထဲကျပြီးမှောက်တာပေါ့” ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ၎င်း(၁ဝ)ဘီးကားပေါ်မှ လိုက်လာပါလာသည့် လူ(၃၇)ဦးအနက် အမျိုးသား (၅)ဦး နှင့် အမျိုးသမီး(၂) ဦးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး လူ(၂၅)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
“ကားပေါ်မှာ စုစုပေါင်းလူက (၃၇)ယောက် လောက်ပါလာတာ။ ကလေးတွေလဲ ပါတယ်။ အမျိုးသား (၅)ဦးနဲ့ အမျိုးအသမီး (၂)ဦးကတော့ ဆုံးတယ်ပေါ့နော်။ အမျိုးသမီးတစ်ဦးက ကားအောက်မှာ ညှပ်နေလို့ တော်တော် ခက်ခက်ခဲခဲကို ထုတ်လိုက်ရတယ်။ မိသားစုတွေလို့လဲ ပြောကြတယ်။ သေတဲ့လူတွေထဲမှာဆို လင်မယားတွေတောင် ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူ(၇)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူများအား မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ ဝိုင်းမော် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ၎င်းဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအနက် စိုးရိမ်ဒဏ်ရာရရှိသူ (၄)ဦးကိုလည်း မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
အဆိုပါ ဝိုင်းမော်-ချီဖွေလမ်းတွင် ယခင်လများတွင်လည်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏရှိခဲ့ရာ ယခု ယာဉ်တိမ်းမှောက်မှုမှာ အဆိုးရွားဆုံး ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သော အမျိုးသမီး (၂)ဦးအား သတ်ဖြတ်ကာ ရွှေထည်များ လုယက်သွားသူကို ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း