ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သော အမျိုးသမီး (၂)ဦးအား သတ်ဖြတ်ကာ ရွှေထည်များ လုယက်သွားသူကို ဖမ်းဆီးရမိ
စော (NSS) - အောက်တိုဘာ ၂၀
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သော အမျိုးသမီး (၂)ဦးအား သတ်ဖြတ်ကာ ရွှေထည်များ လုယက်သွားသူကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂ဝ ရက်)၊ နံနက် (၁ဝ)နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းရှိ အထက်မြင့်တိုက်၏ (၈)လွှာတိုက်ခန်းအတွင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး (၂)ဦး၏ အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်အား သိရှိသူတစ်ဦးက NP News ကို ပြောသည်။
“ဖြစ်စဉ်က အမှန်ပါပဲ။ အသက် (၄ဝ)အရွယ် အမျိုးသမီးတစ်ယောက်နဲ့ အသက် (၆ဝ)အရွယ်အမျိုးသမီးတစ်ယောက်တို့ အသတ်ခံရပါတယ်။ အိမ်ကို အမြဲအဝင်အထွက် လုပ်နေတဲ့ ဆိုက်ကားနင်းပြီးတော့ လက်သမားအလုပ်တွေ ဘာတွေလုပ်တဲ့လူယုံက လုပ်သွားတာလို့ ကြားတယ်။ အသက် (၄၀)အမျိုးသမီးကတော့ သွေးအိုင်ထဲမှာ ဝမ်းလျားမှောက် သေဆုံးနေတာပါ။ နောက်အမျိုးသမီးကတော့ ရေချိုးခန်းထဲမှာ ထိုင်လျက်သား သေဆုံးနေတာပေါ့”ဟု ၎င်းက NP News ကို ပြောသည်။
ထို့သို့ အမျိုးသမီး (၂)ဦး သတ်ဖြတ်ခံရမှုနှင့်အတူ တိုက်ခန်းအတွင်းရှိ ရွှေလက်ဝတ်ရတနာနှင့် ဖုန်းများလည်း ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူသတ် လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က တာမွေမြို့နယ်၌ နေထိုင်သည့် ညီညီ(ခ)အလီအား ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ၎င်းကိုယ်တိုင်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ဟုလည်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
ညီညီ(ခ)အလီသည် အခင်းဖြစ်ပွားခဲ့သော တိုက်ခန်းသို့ ယမန်နေ့(အောက်တိုဘာ ၁၉ ရက်)တွင် မျက်နှာကျက်ပြုပြင်ရန်အတွက် သွားရောက်မှုရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
ယနေ့ (အောက်တိုဘာ ၂ဝ ရက်) နေ့လည်ပိုင်းတွင် ညီညီ(ခ)အလီအား တာမွေမြို့နယ်ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းလည်း ၎င်းကထပ်မံပြောသည်။
လက်ရှိတွင် လုယက်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီး (၂)ဦး၏ ရုပ်အလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရဲတပ်ဖွဲ့ဝင် (၂)ဦးကို PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်သတ်ဖြတ်မှု ချောင်းဦးမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း