KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်ဖြစ်စဉ်နှင့်ပတ်သက်၍ အာဆီယံ၏ ထုတ်ပြန်ချက်အပေါ် နစက ကန့်ကွက်
မြူနစ် (NSS) - အောက်တိုဘာ ၂ဝ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်ဖြစ်စဉ်နှင့်ပတ်သက်၍ အာဆီယံ၏ထုတ်ပြန်ချက်အပေါ် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) တွင် အာဆီယံ၏ ထုတ်ပြန်ချက်ပေါ် ပြန်လည်တုံ့ပြန်ကာ ကန့်ကွက်ထားခြင်းဖြစ်သည်။
အာဆီယံက မုန်လိုင်ခက်ဖြစ်စဉ်နှင့်ပတ်သက်၍ ကြေညာချက်ကို အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ပြီး ဘက်လိုက်ရေးသားထားသော ပြည်တွင်း၊ ပြည်ပမီဒီယာများကို ကိုးကား၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ကြေညာချက်၌ မှားယွင်းဖော်ပြထားသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်သည် လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်သော အချက်အလက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များသို့ အောက်တိုဘာ ၁၁ ရက်တွင် အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် KIA သင်တန်းကျောင်းအနီး မုန်လိုင်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကို မြန်မာနိုင်ငံက ထောက်ပြကာ ကြေညာချက်မထုတ်ပြန်ရန် အာဆီယံနိုင်ငံများကို အကြောင်းကြားခဲ့ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
သို့သော် ပေါက်ကွဲဖြစ်စဉ်အချက်အလက်မှန်များကို ပေးပို့ခဲ့သော်လည်း အာဆီယံအနေဖြင့် ကြေညာချက်ကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ပါအချက်အလက်များသည်လည်း အခြေအမြစ်မရှိသည့်အတွက် မြန်မာ နိုင်ငံက ကန့်ကွက်သည်ဟု ဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အခြေခံမူများကို လိုက်နာကာ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်လည်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံသတိပေးထားသည်။
ပြီးခဲ့သော အောက်တိုဘာ ၉ ရက် ညသန်းခေါင်ယံအချိန်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIA ဌာနချုပ်၊ သင်တန်း ကျောင်းအနီးရှိ မုန်လိုင်ခက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် လူပေါင်း (၃၀)ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ပြုလုပ်သည်ဟု တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဝန်ခံပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီတင်းကျွတ်ပိတ်ရက်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ