ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်ကြေညာ
စော(NSS) - အောက်တိုဘာ ၁၈
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခုမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများအနေဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၈) ရက်တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝတို့မှ (၂၀၂၃)ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ဆေးတက္ကသိုလ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မှတ်ပုံတင်ကိုင်ဆောင်ထားရမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုတွင် အမြဲနေထိုင်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်ထားသူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၈တန်း၊ ၉တန်း၊ ၁၀တန်းအထိ ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
ချွင်းချက်အနေဖြင့် ၎င်းဒေသများတွင် အခြေခံပညာအထက်တန်းကျောင်းမရှိခြင်း နှင့် စာစစ်ဌာနမရှိခြင်း (သို့မဟုတ်) အခြေခံပညာအထက်တန်းကျောင်းရှိသော်လည်း သိပ္ပံဘာသာတွဲသင်ကြားမှုမရှိခြင်းတို့ကြောင့် နီးစပ်ရာမြို့နယ်ရှိ ကျောင်းများမှ အောင်မြင်သူများကိုလည်း စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအနေဖြင့် စုစုပေါင်း ရမှတ် (၄၅၀)နှင့်အထက်ရရှိရမည်ဖြစ်ပြီး အဆိုပါစုစုပေါင်းရမှတ်မှ အင်္ဂလိပ်၊ ဓာတုဗေဒနှင့် ဇီဝဗေဒ (၃)ဘာသာပေါင်း ရမှတ် အနည်း/အများပေါ်မူတည်၍ လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူတွေ့နှုတ်မေးစာမေးပွဲဖြေခွင့်ရရှိသူများသည် (၃)ဘာသာပေါင်းရမှတ်နှင့် လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုမှု ရမှတ်ပေါင်းပေါ်မူတည်၍ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများသည် ဆေးပညာဘွဲ့ရရှိပြီးသည့်အချိန်မှ မိမိဒေသတွင် နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ်ထမ်းဆောင်ရမည်ဖြစ်ပြီး ဘွဲ့လွန်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ် (၄)၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ နိုဝင်ဘာလ (၁၆)ရက် နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်၌ နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း