ပါတီ အကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု UEC ဆို
မျိုးကြီး (NSS) - အောက်တိုဘာ ၁၇
ပါတီ အကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီ တိကျစွာဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။
ဥက္ကဋ္ဌ ဦးသိန်းစိုးက ယမန်နေ့(အောက်တိုဘာလ ၁၆ ရက်)တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ(၃၇)ပါတီမှ ခေါင်ဆောင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများက တင်ပြလာသော ပါတီဝင်အင်အားစာရင်းများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်ပါတီဝင်များပါရှိနေသည့်အတွက် ပြန်လည်စိစစ်ပြင်ဆင်ပေးရန် အကြောင်းကြားဆောင်ရွက်ထားသည်ဟု UEC ဥက္ကဋ္ဌက ပြောသည်။
ပါတီဝင်များအား ထွေအုပ်၊ လဝက နှင့် ရွေးကောက်ပွဲကော်မရှင်က စိစစ်သည့်အခါတွင် Leading Question မေးမြန်းမှုများရှိနေကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NSS ကို ပြောသည်။
“ဥပမာ ကျွန်တော်တို့ ကြုံရတယ်။ ကျောက်ဖြူမှာ ကြုံရတယ်။ ပေါက်တောမှာ ကြုံရတယ်။ ဥပမာဆိုပါတော့ ရခိုင့်ဦးဆောင်ပါတီမှာ ဆက်နေလိုသေးသလား။ အဲဒီလိုမျိုးမေးခွန်းတွေပေါ့ဗျာ။ ဆက်နေအုံးမှာလား၊ ပါတီက ထွက်မှာလား ဒါမျိုးလုပ်တယ်ဗျ။ ပါတီတစ်ခုမှာ ရှိမနေစေလိုတဲ့မေးခွန်းကို သူက lead လုပ်ပြီး မေးတာဗျ။ ဒါမျိုးအများကြီးကြုံရတယ်။ အဲဒါတွေကို တင်ပြတဲ့အခါမှာ သက်ဆိုင်ရာကလည်း ရှင်းပေးမယ်လို့ ပြောပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထို့ပြင် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများအနက် အချို့သောနိုင်ငံရေးပါတီများသည် လက်ရှိ အောက်တိုဘာလ၌ ရက်ပေါင်း (၁၈၀)ပြည့်မည်ဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်ရမည်ဖြစ်ပြီး ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်လိုကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကော်မရှင်အနေ ဖြင့်လည်း ပါတီအကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီ တိကျစွာဆောင်ရွက်မည်ဟု ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။
“ပါတီဝင်ဖို့အတွက် နိုင်ငံသားတွေမှာ အခွင့်အရေးရှိတယ်။ တစ်ချို့ပါတီတွေက ကာယကံရှင် ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပါတီဝင်အဖြစ် ထည့်ထားတာရှိတယ်ပေါ့။ တစ်ချို့ဆိုရင် ဝန်ထမ်းတွေဖြစ်နေကြတယ်။ ပါတီအကြီး၊ အသေးမဟူပေါ့လေ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သူ့ဘက်က စိစစ်ဖို့ တာဝန်ရှိတယ်။ ဥပဒေ၊ နည်းဥပဒေအတိုင်းပဲလို့ သူ့ဘက်ကလည်း ပြောပါတယ်”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံစဉ် ရွေးကောက်ပွဲအား မည်သည့်အချိန်၌ ကျင်းပမည်ဆိုသည်ကို ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ထည့်သွင်းပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
“နောက်အားလုံး စိတ်ဝင်စားကြတဲ့ ဘယ်တော့ ရွေးကောက်ပွဲလုပ်မှာလဲဆိုတာတော့ မပြောဘူး။ သူတို့မှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့၊ မဲဆန္ဒရှင်တွေနဲ့ပတ်သက်လို့ ကောက်ယူထားရှိပြီးတာလည်း ရှိတယ်။ သန်းခေါင်းစာရင်း ကောက်ပြီးတဲ့ကာလနောက်မှာ မဲစာရင်းကို တစ်နိုင်ငံလုံး သိပ်အချိန်မယူဘဲနဲ့ ကြည့်နိုင်တဲ့အနေအထား သူတို့မှာရှိနေပြီလို့လည်း ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူပြီးပါက မဲစာရင်းပြုစုပြီးနောက် ရွေးကောက် ပွဲကို အစောလျင်ဆုံး ကျင်းပပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားထားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသစ်ထွက်ရှိထားသော iPhone 15 က အသုံးပြုရန် အခက်ခဲဆုံးဖုန်းတစ်လုံးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်းဟွန်ဆန် ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ