အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ရုရှားနိုင်ငံ အဆိုပြုတဲ့ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးအတွက် ရုရှားနိုင်ငံက ရေးဆွဲတင်ပြခဲ့တဲ့မူကြမ်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
ရုရှားဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့ပြီး၊ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံက တင်ပြတဲ့မူကြမ်းကို လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ အတည်ပြု နိုင်မယ့် မဲအရေအတွက်မျိုး မရခဲ့ကြောင်း သိရပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ထောက်ခံပေးတဲ့နိုင်ငံ ၅ နိုင်ငံ၊ ကြားနေမဲပေးတဲ့နိုင်ငံ ၆ နိုင်ငံ နဲ့ ကန့်ကွက်မဲပေးတဲ့နိုင်ငံ ၄ နိုင်ငံရှိခဲ့ကြောင်း၊ ဒါပေမယ့် အဆိုပါမူကြမ်းကို အပြည့်အဝအကောင်ထည်ဖော်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် အနည်းဆုံး ၉ နိုင်ငံရဲ့ထောက်ခံမဲရဖို့ လိုအပ်တဲ့အတွက် အောင်မြင်မှုမရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံက အဆိုပြုခဲ့တဲ့ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားစစ်ပွဲအဆုံးသတ်ဖို့ မူကြမ်းထဲမှာ ပြန်ပေးဆွဲထားသူတွေ ပြန်လွှတ်ပေးဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လက်ခံရရှိဖို့၊ အကူအညီလိုအပ်နေတဲ့သူတွေကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးဖို့ စတဲ့အချက်တွေ ပါဝင်နေပါတယ်။
ဒါ့အပြင် အရပ်သားတွေအပေါ်အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချသလို အကြမ်းဖက်မှုလုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချကြောင်း စတဲ့အချက်တွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်နဲ့ အစ္စရေးတို့ဟာ အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ပွဲ စတင်ခဲ့ပြီးနောက် အစ္စရေးက ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေသလို အစားစာ၊ ရေ၊ မီးနဲ့ အခြားလိုအပ်တဲ့ပစ္စည်းများပေးပို့ခွင့်တွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဂါဇာဒေသရှိဆေးရုံတွေဟာ လောင်စာဆီ လုံလောက်စွာမရတဲ့အတွက် လာမယ့်ရက်ပိုင်းမှာ ဆေးရုံရဲ့လုပ်ငန်းဆောင်တာများ ရပ်နားရဖွယ်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-နီပေါ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ