မြန်မာ-နီပေါ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်အကောင်အထည်ဖော်ရန် နှစ်နိုင်ငံဆွေးနွေး
Pearl (NSS) - အောက်တိုဘာ ၁၇
မြန်မာ-နီပေါ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့သည် အောက်တိုဘာလ (၁၆)ရက်တွင် တွေ့ဆုံခဲ့ရာတွင် အထက်ပါအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် နီပေါသံအမတ်ကြီးက နီပေါနိုင်ငံရှိ လုမ္ဗိနီဒေသသည် ဘုရားဖူးခရီးသွားများလည်ပတ်ရန် အကောင်းဆုံးနေရာဖြစ်ပြီး ခရီးသွားဧည့်သည်လာရောက်မှုအခြေအနေ၊ လေကြောင်းလိုင်းများ ပြေးဆွဲရေးနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံ အမျိုးသားလေကြောင်းနှင့် မြန်မာနိုင်ငံ နိုင်ငံတကာလေကြောင်းလိုင်းများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နီပေါနိုင်ငံတွင် e-visa စနစ် ဆောင်ရွက်နေပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နီပေါနိုင်ငံယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်အကောင်အထည် ဖော်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ဘုရားဖူးခရီးသွားများအတွက် Charter Flight များ ပြန်လည်ပြေးဆွဲရန် စတင်ဆောင်ရွက်လျက်ရှိပြီး ဗုဒ္ဓဂယာ၊ လုမ္ဗိနီကဲ့သို့ ဘုရားဖူးခရီးစဉ်များအတွက် လေကြောင်းလိုင်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ဘုရားဖူးခရီးစဉ်များ စီစဉ်ပြေးဆွဲနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။
ထို့ပြင် နီပေါနိုင်ငံ၌ တောင်တက်ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း Adventure Tourism ဖွံ့ဖြိုးရန် ဆောင်ရွက်နေခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင် ပေကျင်းရဲ့ “ခါးပတ်နှင့်လမ်းမဖိုရမ်” ကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက် ရှိလာ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း