ဟားမက်အဖွဲ့အပေါ် လိုလားထောက်ခံသောပို့စ်များကို ဖယ်ရှားဖြုတ်ချခဲ့ကြောင်း Meta ကုမ္ပဏီ ပြော
Pika (NSS) - အောက်တိုဘာ ၁၅
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် ပို့စ်ထောင်ပေါင်းများစွာကို ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှ ဖယ်ရှားပစ်ခဲ့ကြောင်း Meta ကုမ္ပဏီက ပြောကြားခဲ့သည်။
၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် အမုန်းပွားစေသော (သို့မဟုတ်) ထင်ယောင်ထင်မှားဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားရန်ကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Meta ကုမ္ပဏီက ပြောခဲ့သည်။ ပြီးခဲ့သည့်သုံးရက်အတွင်း Hebrew နှင့် Arabic ဘာသာစကားဖြင့်ရေးသားထားသော အကြောင်းအရာ (၇၉၅ဝဝဝ) ကို ဖယ်ရှားပစ်ခဲ့ကြောင်း Meta ကုမ္ပဏီက အောက်တိုဘာလ(၁၃)ရက်တွင် အတည်ပြုပြောခဲ့သည်။
ပို့စ်အများစုသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သော ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမက်အား ထောက်ခံခြင်း (သို့မဟုတ်) ဂုဏ်ပြုခြင်းကို ရေးသားထားခြင်းမျိုးဖြစ်ပြီး ကုမ္ပဏီက ချမှတ်ထားသော အန္တရာယ်ရှိသောအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်ရေးမူဝါဒများကို ချိုးဖောက်ခဲ့ကြောင်း Meta ကုမ္ပဏီက ပြောကြားခဲ့သည်။
Meta က "ဟားမက်အဖွဲ့နဲ့ပတ်သက်တဲ့ပို့စ်တွေကို ကျွန်တော်တို့ရဲ့ပလက်ဖောင်းပေါ်မှာ ပိတ်ပင်ထားပါတယ်။ သတင်းအစီရင်ခံတာတွေ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေ၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြောဆိုချက်တွေကို တော့ ဆက်လက်ခွင့်ပြုထားပေမယ့် ဟားမက်အဖွဲ့ကို ဂုဏ်ပြုတာတွေ၊ ထောက်ခံတာတွေပါဝင်တဲ့ ပို့စ်တွေကို တော့ ဖယ်ရှားပစ်ခဲ့ပါတယ်။ အကြမ်းဖက်တာ ဒါမှမဟုတ် ဆိုးရွားတဲ့ ဓါတ်ပုံတွေ၊ အမုန်းစကားပြောဆိုနေတာတွေ၊ လှုံ့ဆော်မှုတွေ ပါဝင်တဲ့ပို့စ်တွေကိုတော့ ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီပို့စ်တွေဟာ ကျွန်တော်တို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာမျိုးဖြစ်တဲ့အတွက် လုံးဝဖယ်ရှားပစ်လိုက်တာပါ" ဟု ပြောခဲ့သည်။
ဥရောပသမဂ္ဂပြည်တွင်းဈေးကွက်ကော်မရှင်နာ Thierry Breton သည် Meta တွင် မှားယွင်းသော သတင်းအချက် အလက်များဖြန့်ဝေခြင်း (သို့မဟုတ်) အမုန်းစကားများ ပျံ့နှံ့နေခြင်းနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီစီးအီးအို မာ့ခ်ဇူကာဘတ်ထံ အလားအလာရှိသော ပြစ်ဒဏ်များနှင့်ပတ်သက်သည့် သတိပေးစာတစ်စောင်ကို ပေးပို့ခဲ့ပြီး နောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ဖယ်ရှားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
Meta ကုမ္ပဏီ၏ အဖွဲ့များသည် သတင်းအမှားများကို တားမြစ်ပိတ်ပင်ရန်အတွက် ပြင်ပအဖွဲ့အစည်းများ နှင့် လက်တွဲလုပ်ဆောင်နေကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် Thierry Breton သည် အလားတူသတိပေးစာ တစ်စောင်ကို တွစ်တာကုမ္ပဏီထံ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။
တွစ်တာကုမ္ပဏီက ၎င်းတို့သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် ပို့စ်များကို ပြန်လည်စီမံခန့်ခွဲနေပြီး အကြမ်းဖက်မှု (သို့မဟုတ်) သတင်းမှားများကို ဖယ်ရှားပစ်ရန်အတွက် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံဖြူဇရပ်မြို့၌ စကားများရန်ဖြစ်ကြရာမှ အမျိုးသမီး(၁)ဦး ဓားဖြင့်ခုတ်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ