NCA (၈)နှစ်ပြည့်အခမ်းအနား မနက်ဖြန် ကျင်းပမည်၊ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိနေ
မျိုးကြီး (NSS) - အောက်တိုဘာ ၁၄
NCA (၈)နှစ်ပြည့်အခမ်းအနားကို မနက်ဖြန် (အောက်တိုဘာ ၁၅ ရက်) တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ (၈)နှစ်ပြည့်အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် ကျင်းပသွားမည်ဟု နစကဘက်က ပြောဆိုထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားသည်ဟုလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန်အတွက် NCA ကို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ သည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အလားတူ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် EAOs ခေါင်းဆောင်များဖြစ်သည့် ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးမျိုးဝင်းနှင့် အခြားသော EAOs များမှ ကိုယ်စားလှယ်သည်လည်း နေပြည်တော်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် နစကအနေဖြင့် NCA (၈)နှစ်ပြည့်အခမ်းအနားနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားထားသည့်အပြင် NCA လက်မှတ်ရေးထိုးစဉ်က ပါဝင်ခဲ့ကြသော နိုင်ငံတကာအသိသက်သေများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
“မနေ့ကတော့ လေယာဉ်တွေနဲ့ လာကြတာရှိပါတယ်။ KNU ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုး၊ ဦးယွက်စစ်တို့လာပေါ့။ နောက် KNU/KNLA-PC က ခေါင်းဆောင်တွေလည်း လာတာရှိပါတယ်။ တော်တော်များများ လာကြတာတွေ့ရပါ တယ်။ ဒါပေမယ့် KIA နဲ့ သူ့အောက်က အဖွဲ့တွေတော့ လာဖြစ်မယ်လို့တော့ မကြာမိဘူး” ဟု နစကနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်ပြည့်အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိစွာဖြင့် ကျင်းပနိုင်ရေးအတွက် NSPNC ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင်စီစဉ်နေလျက်ရှိကြောင်း သိရသည်။
NCA စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်အတူ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNU၊ CNF၊ ABSDF၊ PNLO၊ RCSS၊ KNU/KNLA-PC၊ ALP၊ LDU၊ NMSP၊ DKBA အဖွဲ့တို့က နိုင်ငံတကာအသိသက်သေများ ရှေ့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော KNU၊ CNF၊ ABSDF လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KIA ၊ TNLA တို့နှင့် လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းတို့ရဲ့ ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ဝင်တွေ မြေပြင်ထိုးစစ်ဆင်နွှဲ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ