ပြည်တွင်းစျေးကွက်အတွင်းရှိ စားသောက်ကုန်(၁၉)မျိုးအား စားသုံးခြင်းမပြုရန် FDA အသိပေး
Pearl (NSS) - အောက်တိုဘာ ၁၂
ပြည်တွင်းစျေးကွက်အတွင်းရှိ စားသောက်ကုန်(၁၉)မျိုးအား စားသုံးခြင်းမပြုရန် FDA က အသိပေး ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယနေ့ (အောက်တိုဘာလ ၁၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စျေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ ကျန်းမာရေးထိခိုက်စေသော ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများပါဝင်မှုနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက်ပိုမိုကျော်လွန်သုံးစွဲထားခြင်းကြောင့် စားသောက်ကုန်(၁၉)မျိုးအား စားသုံးခြင်းမပြုရန် FDA က အသိပေးထားသည်။
စားသုံးရန်မသင့်သည့် စားသောက်ကုန်(၁၉)မျိုးတွင် ပုန်းရည်ကြီးကြော်၊ ရှောက်သီးပေါင်း၊ ဇယန်းအစပ်နှပ်၊ သံပုရာပေါင်း၊ ဂျယ်လီ၊ ဂျယ်လီ(အညိုရောင်)၊ ဂျယ်လီ(အနီရောင်)၊ ဂျယ်လီ(အစိမ်းရောင်)၊ ယိုစုံ(၂)မျိုး၊ သံပုရာအချိုရည်မှုန့်၊ လိမ္မော်အချိုရည်မှုန့် ၊ အားဖြည့်အချိုရည်၊ သစ်သီးယိုစုံ၊ ငရုတ်ဆော့၊ ရောသမမွှေယိုစုံ၊ သစ်သီးယို၊ ဇီးစပ်လုံးနှင့် အရောင်တင်မှုန့်တို့ ပါဝင်ကြောင်းသိရသည်။
အဆိုပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ပြီး အဆိုပါ စားသောက်ကုန်များအား နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် FDA က အသိပေးထားသည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများ လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏအတွင်း အသုံးပြုရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း FDA က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-12 / 5:20 PM)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ