ပဲခူးမြို့၌ စံချိန်တင်ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၂၀၀၀၀)နီးပါးကို ကယ်ဆယ်ရေးစခန်း(၄၁)ခုသို့ ပြောင်းရွှေ့ပေးထား
မျိုးကြီး (NSS) - အောက်တိုဘာ ၁၀
ပဲခူးမြို့၌ စံချိန်တင်ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၂၀၀၀၀)နီးပါးကို ကယ်ဆယ်ရေးစခန်း (၄၁)ခုသို့ ပြောင်းရွှေ့ပေးထားကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ စံချိန်တင်မြစ်ရေမြင့်တက်မှုများကြောင့် ပဲခူးမြို့၌ အောက်တိုဘာလ ၇ ရက်မှစတင်ကာ ယနေ့(အောက်တိုဘာလ ၁၀ရက်)အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံနေသည့်အပြင် ပဲခူးမြို့တစ်ဝိုက်ရှိ ကျေးရွာပေါင်း(၈)ရွာတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီရေလျှံမှုဖြစ်စဉ်အတွင်း အိမ်ထောင်စု (၄၅၄၇)စုမှ လူဦးရေပေါင်း (၂၀၀၀၀) နီးပါးကို ကယ်ဆယ်ရေးစခန်း (၄၁)ခုသို့ ပြောင်းရွှေ့ပို့ဆောင်ပေးထားကြောင်း သိရသည်။
“ရေကြီးနေတာကတော့ မနေ့ကအတိုင်းပါပဲ။ သိသိသာသာ ပြန်ကျသွားတာမျိုး မရှိသေးပါဘူး” ဟု ပဲခူးမြို့ခံတစ်ဦးက NSS ကို ပြောသည်။
ပဲခူးမြို့ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အသက်ကယ်လှေ (၁၄)စီးနှင့်အတူ တပ်ဖွဲ့ဝင်အင်အားများစွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံအတွင်းရှိ အခြားသော လူမှုကူညီရေးအသင်းအဖွဲ့များကလည်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့၏ မြစ်ရေ စိုးရိမ်ရေအမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး ယမန်နေ့(အောက်တိုဘာ လ ၉ ရက်)တွင် ၁၀၀၄ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာလ ၁ဝ ရက်)နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် အနည်းငယ်ကျဆင်းခဲ့သော် ၁၀၀၁ စင်တီမီတာတွင် ဆက်ရှိနေသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဖမ်းဆီးထားတဲ့ အစ္စရေးလူမျိုးတွေကို ကွပ်မျက်သွားတော့မယ်လို့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ