ပဲခူးမြစ်ရေစံချိန်တင်မြင့်တက်မှုနှင့်အတူ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းအချို့ဆက်သွယ်မှုများ ပြတ်တောက်နေ
NSS - အောက်တိုဘာ ၉
ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးမြစ်ရေစံချိန်တင်မြင့်တက်မှုနှင့်အတူ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး ဖုန်းလိုင်းအချို့ ဆက်သွယ်မှုများ ပြတ်တောက်နေကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်၊ ညပိုင်းမှစတင်ကာ ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
“ခုတော့ တစ်မြို့လုံးနီးပါး ရေနစ်နေတာပေါ့။ မနစ်တာဆိုလို့ အမြင့်ပိုင်းဖြစ်တဲ့ ဟင်္သာကုန်းတစ်ခုပဲရှိတော့မယ်လို့ ထင်တယ်။ တော်တော်များများလဲ ဟင်္သာကုန်းဘက်ကိုပဲ ရွှေ့လာနေကြတာ။ ဖုန်းလိုင်းတွေကလဲ Mytel တစ်ခုပဲရတယ်”ဟု ပဲခူးမြို့ရှိဒေသခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် ပဲခူးမြို့အနိမ့်ပိုင်းရှိ ရပ်ကွက်အချို့၌ ရေဝင်ရောက်မှုသည် (၆)ပေမှ (၉)ပေခန့်အထိရှိနေပြီး ရပ်ကွက်အတွင်းသို့ ရေဝင်ရောက်မှုများသည် ဆက်လက်မြင့်တက်လာနေကြောင်း သိရသည်။
“ကျောက်တွင်းကုန်းဆို (၉)ပေကျော်တယ်။ တချို့ရပ်ကွက်တွေဆို ပေါင်လောက်နဲ့။ တချို့နေရာဆိုရင် ရင်ခေါင်းလောက်ထိ ရောက်တာပေါ့။ တချို့နေရာတွေက တစ်ထပ်အိမ်တွေဆိုရင် ခေါင်တွေပဲမြင်ရတော့တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယမန့် (အောက်တိုဘာလ ၈ ရက်)၊ နေ့လည် ၁နာရီခွဲအချိန်တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ (၂)ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၃)ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပဲခူးမြို့၏မြစ်ရေ စိုးရိမ်ရေအမှတ်သည် (၈၈၀)စင်တီမီတာ ဖြစ်သော်လည်း ယမန်နေ့(အောက်တိုဘာလ ၈ ရက်)၊ ညနေပိုင်းတွင် စိုးရိမ်ရေအမှတ် (၉၇၀)စင်တီမီတာအထိ မြင့်တက်လာခဲ့ကြောင်း ပဲခူးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ယနေ့ (အောက်တိုဘာလ ၉ ရက်)၊ နံနက် ၆နာရီခွဲအချိန်တွင် ပဲခူးမြို့၏မြစ်ရေစိုးရိမ်ရေအမှတ်သည့် (၁၀၀၄)စင်တီမီတာအထိ မြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အလားတူ လှည်းကူးမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အိမ်ခြေ(၂၀)နှင့် လူဦးရေ (၁၀၀)နီးပါးခန့် ရေဘေးကူညီမှုများလိုအပ်လျက်ရှိကြောင်း သိရသည်။
“အရင်တုန်းက ရေမတက်တဲ့ အမြင့်ပိုင်းတွေတောင် အခုရေရောက်တယ်။ နည်းတာနဲ့များတာပဲကွာတယ်။ မနေ့က နှစ်နေရာပဲဆိုတော့ အိမ်ထောင်စု (၂၀)လောက်ရှိတယ်။ လူဦးရေကတော့ (၉၀)ကျော် (၁၀၀)နီးပါးပေါ့။ လက်ရှိက ကယ်ဆယ်ရေးစခန်းမရောက်သေးတော့ မသိရသေးဘူး”ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့နယ်ရှိ ဈေးကြီးရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ရိပ်သာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ကို ရေဝင်ရောက်မှုများရှိနေကြောင်း သိရသည်။
ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးရှောင်ပြည်သူများကို ယာယီရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိပြီး ၎င်းတို့အတွက် အစားအစာအပါအဝင် သောက်ရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်ရှိ Max ဆီဆိုင်အနီး၌ လက်လုပ်ဗုံး(၁)လုံးတွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့က ဖောက်ခွဲရှင်းလင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ