အမြန်လမ်း၌ ရေတိုက်စားမှုကြောင့် ကွန်ကရစ်လမ်းပိုင်း မြေကျွံမှုဖြစ်ပွား
စော(NSS) - အောက်တိုဘာ ၈
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ရေတိုက်စားမှုကြောင့် ကွန်ကရစ်လမ်း မြေကျွံကျမှုနှင့် အက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်း မြေကျွံမှုဖြစ်စဉ်သည် ယနေ့(အောက်တိုဘာလ ၈ ရက်)၊ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်၌ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၅/၂)နှင့် (၄၅/၃)ကြားရှိ ကြက်ချောင်းတံတားအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
၎င်းကွန်ကရစ်လမ်းသည် အရှည်(၂၅)ပေခန့်ရှိသော ကြက်ချောင်းတံတားဘေးတွင်တည်ရှိပြီး ယာဉ်အသွားအလာအသုံးပြုသည့် လမ်းမဟုတ်ကြောင်း သိရသည်။
“မိုးသည်းထန်စွာရွာသွန်းပြီးတော့ ရေတိုက်စားတာပေါ့။ တံတားအောက်မှာ ချောင်းလေးရှိတယ်။ အဲဒါကရေတိုက်စားပြီးတော့ မြေကျွံကျမှုဖြစ်သွားတာပါ။ အခုလက်ရှိက ယာဉ်ကြောကသွားလို့ရပါတယ်”ဟု ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ရေတိုက်စားခြင်းကြောင့် ကွန်ကရစ်လမ်းသည် (၁၀)ပေခန့် မြေကျွံကျခြင်းနှင့် (၁၀)ပေခန့် ကွန်ကရစ်အက်ကွဲခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ (အောက်တိုဘာလ ၈ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာအုပ်စု၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားနံရံအက်ကြောင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်း၊ မိုင်တိုင်အမှတ် (၇)မိုင်(၄)ဖာ လုံ၌ မိုးသည်းစွာထန်စွာရွာသွန်းမှုကြောင့် တောင်တက်ကားလမ်းဘေးအောက်ဘက်ရှိ မြေသားနံရံများသည် အက်ကြောင်းလိုက်နေပြီး မြေပြိုကျရန် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
၎င်းနေရာတွင် ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးအမှတ်အသားများပြုလုပ်ခြင်းနှင့် ရေစီးကောင်းမွန်စေရေးအတွက် မြောင်းဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှတိုက်အလယ်ပိုင်းဒေသသို့ သဘာဝဓါတ်ငွေ့ပေးပို့မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားအစိုးရထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ