ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ
သန့်ဇင် (NSS) - အောက်တိုဘာ ၈
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) ညပိုင်းမှစတင်ကာ ပဲခူးမြို့၌ မိုးအ ဆက်မပျက်ရွာသွန်းမှုများနှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ညီညွတ်ခြင်း ပရဟိတလူမှုကူညီရေး အသင်းထံမှ သိရသည်။
“မိုးရွာသွန်းမှုနဲ့ ပဲခူးမြစ်ရေကြောင့် ရေတွေကတော့တက်လာတယ်ဗျ။ မိုးကလဲ(၂)ရက်(၃)ရက်လောက်ကို တောက်လျှောက်ရွာနေတာပါ။ ရေတွေက တော့ ကျွန်တော်တို့ဘက်မှာက အနိမ့်ပိုင်းတော်တော်များကိုပဲ ရေဝင်ရောက်မှုက ရှိနေတယ်။ အိမ်တွေတော်တော်များများလဲ ရွှေ့ပြောင်းနေရပါတယ်” ဟု ညီညွတ်ခြင်းပရဟိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ပဲခူးမြို့ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ် နှင့် အခြားအနိမ့်ပိုင်း ရပ်ကွက် (၁၀)ခုထပ်မနည်း ရေဝင်ရောက်မှုများရှိနေပြီး ကားလမ်းများပေါ်တွင်လည်း ရေဝင်ရောက်မှုများကြောင့် ကားများ ဖြတ်သန်း၍ မရသေးကြောင်း သိရသည်။
“ခုလက်ရှိအချိန်ထိ ရေကတစိမ့်စိမ့်ဝင်နေတုန်းပဲဗျ။ ကူညီကယ်ဆယ်ရေးတွေကိုလဲ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အမြင့်ပိုင်းတွေနဲ့ ဘေးလွတ်ရာတွေမှာ ကူညီကယ်ဆယ်ရေးစခန်းတွေလုပ်ပြီး ကူညီနေပါတယ်ဗျ။ အခုလဲ အနိမ့်ပိုင်းဒေသက အိမ်ခြေတွေကို အရန်သင့် စားရမဲ့အစားစားတွေနဲ့ ရေသန့်တွေလှူဒန်းမှုတွေလုပ်ဆောင်နေပါတယ်” ဟု အထက်ပါ လူမှုကူညီရေးအသင်းမှ ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်လာမှုနှင့်အတူ ပဲခူးမြို့အတွင်းသို့ရေဝင်ရောက်မှုများရှိနေပြီး ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၈ ရက်)၊ နံနက် ၆နာရီခွဲတိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်ထက်သို့ (၁)ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့်ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
ထို့ကြောင့် ပဲခူးမြို့ရှိ မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ထို့ပြင် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၉)မီနီတိုးဂိတ်တွင် မိုးရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၉၂ ဓာတ်ဆီဈေး ကျဆင်းလာသော်လည်း ဆိုင်အချို့၌ ဝယ်ယူ၍မရဖြစ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ