ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ပွဲတစ်ခုကိုစတင်ခဲ့ကြောင်း အစ္စရေးအစိုးရပြော
Pika (NSS) - အောက်တိုဘာ ၇
အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်သည် အောက်တိုဘာလ(၇)ရက်တွင် စစ်ပွဲအတွက် သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့များသည် နိုင်ငံတောင်ဘက်ရှိ နေရာအများအပြားမှ အစ္စရေးနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က "ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဟာ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အားလုံးအတွက် တာဝန်ရှိပြီး အကျိုးဆက်တွေကို ရင်ဆိုင်သွားရမှာပါ"ဟု ပြောဆိုထားသည်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ အမေရိကန် နှင့် အာရပ်နိုင်ငံအချို့က အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်းလည်းသိရသည်။ ဟားမတ်စ်စစ်သွေးကြွအဖွဲ့သည် အစ္စရေးနိုင်ငံကို စစ်ပွဲဆင်နွှဲခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကပြောကြားခဲ့သည်။
၎င်းက "အစ္စရေးစစ်သားတွေဟာ နေရာတိုင်းမှာ ရန်သူတွေကို တိုက်ခိုက်နေပါတယ်။ လုံခြုံရေးညွှန်ကြားချက်တွေကို လိုက်နာဖို့ အစ္စရေးပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဒီစစ်ပွဲကို အစ္စရေးကနိုင်မှာပါ"ဟု ပြောဆိုထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant သည် အရန်စစ်သားများကို စုဆောင်းရန်အတွက် အတည်ပြုပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကပြောကြားခဲ့သည်။ စစ်မှုထမ်းပြီးသွားသော နိုင်ငံသားများကို အရေးပေါ်အခြေအနေများတွင် ကူညီပေးရန်အတွက် အရန်တပ်ဖွဲ့များတွင် တာဝန်ပေးထားကြောင်းလည်း သိရသည်။
အောက်တိုဘာလ(၇)ရက်နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံကို ဒုံးကျည်အစင်းရေ(၅)ထောင်ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟားမတ်စ်စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူး Mohammad Deif က ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းက "အစ္စရေးရဲ့ လုပ်ရပ်တွေကို တော်လောက်ပြီလို့ပြောဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်တို့ အစ္စရေးကို ဒုံးကျည်အစင်းရေ(၅)ထောင်ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏ နေရာများကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က "အစ္စရေးစစ်ဦးစီးချုပ်တွေဟာ အကဲ ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး စစ်တပ်အတွက် နောက်ထပ်အစီအစဉ်တွေကို အတည်ပြုပေးနေပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ကာကွယ်သွားမှာပါ၊၊"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
National Database တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ဒုတပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ