လာမည့် နိုဝင်ဘာလတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ထုတ်ဖော်ပြောဆို
Pika (NSS) - အောက်တိုဘာ ၇
အမေရိကန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးများ ပြန်လည်စတင်ရန် ကြိုးပမ်းမှုနှင့်အတူ လာမည့်နိုဝင်ဘာလတွင် ဆန်ဖရန်စ္စကိုမြို့၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော်လည်း တွေ့ဆုံမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ အစီအစဉ်ရေးဆွဲထားခြင်းမျိုးမရှိသေးကြောင်း ဂျိုးဘိုင်ဒန်က ထပ်မံပြောဆိုခဲ့သည်။ အမေရိကန် နှင့် တရုတ်နိုင်ငံတို့၏ ခေါင်းဆောင်များသည် လူချင်းတွေ့ဆုံခြင်း သို့မဟုတ် စကားပြောဆိုခြင်းများမရှိသည်မှာ တစ်နှစ်နီးပါးကြာပြီဖြစ်ပြီး နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဂျိုးဘိုင်ဒန်က "တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့အတွက် အစီအစဉ်ရေးဆွဲထားတာမျိုး မရှိပေမယ့်လည်း တွေ့ဆုံမှုကဖြစ်နိုင်ခြေရှိပါတယ်"ဟု ပြောဆိုခဲ့သည်၊၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ဆန်ဖရန်စ္စကိုမြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC)ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံရန်စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးများကို ပြန်လည်စတင်နိုင်ရန်အတွက် (APEC)ထိပ်သီးအစည်းအဝေးနားချိန်တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံရန် အစီအစဉ်များ လုပ်ဆောင်နေပြီဖြစ်ကြောင်း အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး Washington Post သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီသည် APEC ထိပ်သီးအစည်းအဝေးမတိုင်မီ အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်နိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်းထွက်ပေါ်နေ သည်။ ဆန်ဖရန်စ္စကို မြို့တွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်ခြင်းရှိ/မရှိဆိုသည့်အချက် နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံခြင်းရှိ/မရှိဆိုသည့်အချက်တို့ကို တရုတ်အစိုးရဘက်က လက်ရှိအချိန်အထိ အတည် ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံမည့် အလားအလာများကို အသေးစိတ်ဖော်ပြရန် အမေရိကန်အစိုးရဘက်က ငြင်းဆိုထားကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဖွဲ့ဝင်နိုင်ငံများ၏ ဆန်လိုအပ်ချက်ကို ဦးစားပေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသဘောတူညီခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ