မြန်မာနိုင်ငံရေး အကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် ဆထက်တိုး ကြိုးပမ်းသွားမည်ဖြစ် ကြောင်း အီးယူ-အာဆီယံခေါင်းဆောင်များဆို
ဂျန်ဇက် (NP News) -
ဒီဇင်ဘာ ၁၆မြန်မာပြည်သူများ၏အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းကို ပံ့ပိုးပေးနိုင်ရန် အာဆီယံ၏ ကြိုးပမ်းမှု များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အီးယူ-အာဆီယံ ခေါင်းဆောင်များက ဆိုသည်။ အာဆီယံအဖွဲ့ နှင့်အီးယူတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ထိပ်သီး အစည်းအဝေးကျင်းပခဲ့ပြီးနောက် ပူးတွဲသတင်းထုတ်ပြန်ရာတွင် မြန်မာနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ဖော်ပြထား ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးစေလိုကြောင်း အီးယူ-အာဆီယံ ခေါင်းဆောင်များ က ဆိုသည်။မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိနေသည့် အကျပ်အတည်းအခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များဆိုင်ရာ ကတိကဝတ် များကို ထင်ဟပ်စေမည့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းသော ဖြေရှင်းနည်းရရှိနိုင်ရေးအတွက် ဆထက်တိုး ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ အီးယူ-အာဆီယံခေါင်းဆောင်များ က ထုတ်ဖော်ပြောဆိုထားသည်။ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အာဆီယံ သဘောတူညီ ချက်ငါးရပ်အတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုချက်ကို ပြန်လည်အမှတ်ရလျက် နိုဝင်ဘာလ (၁၁) ရက်၊ ၂ဝ၂၂ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄ဝ) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် ချမှတ်ခဲ့သော အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက် နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အပါအဝင် အာဆီယံသဘောတူညီချက်ငါးရပ်ကို အချိန်နှင့်တပြေးညီ ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရန် တိုက်တွန်း ကြောင်း အီးယူ-အာဆီယံ ခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အာဆီယံဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်၏ လုပ်ငန်းရပ်များမှတဆင့် သက်ဆိုင်သူများအားလုံးနှင့် အပြည့်အဝတွေ့ဆုံပြီး ယုံကြည်မှုတည်ဆောက်ရေး၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်နေသည့် မြန်မာနိုင်ငံ ပြည်သူများထံ ထိရောက်စွာပေးအပ်ရေးတို့အပါအဝင် မြန်မာ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းကို ပံ့ပိုးပေးနိုင်ဖို့ အာဆီယံ၏ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အီးယူ-အာဆီယံ ခေါင်းဆောင်များ က ဆိုသည်။ ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့၏ ဤအရေးပါသောကြိုးပမ်းမှုတွင် အနီးကပ် လက်တွဲလုပ်ကိုင် ပူးပေါင်း ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊ အာဆီယံ၏ သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ကြိုးပမ်းမှု များအတွက် အာဆီယံအနေဖြင့် ၎င်း၏ ပြင်ပမိတ်ဖက်များဖြစ်သည့် အီးယူကဲ့သို့သော ပြင်ပမိတ်ဖက်များထံမှ ပံ့ပိုးကူညီမှုများကို ကြိုဆိုမျှော်လင့်လျက်ရှိကြောင်း ဥရောပသမဂ္ဂ က ထုတ်ဖော်ပြောဆိုထားသည်။