အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝှမ်း ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ကာ လူပေါင်း (၁)ထောင်နီးပါးကို ဖမ်းဆီးခဲ့ကြောင်း တူရကီရဲတပ်ဖွဲ့ပြော
Pika (NSS) - အောက်တိုဘာ ၄
တူရကီနိုင်ငံ အန်ကာရာမြို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များသည် အောက်တိုဘာလ (၃)ရက်တွင် နိုင်ငံတစ်ဝှမ်း ဝင်ရောက်စီးနင်းမှုများကို လုပ်ဆောင်ခဲ့ပြီး ကာဒစ်စစ်သွေးကြွအဖွဲ့နှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲခံထားရသော လူဒါဇင်ပေါင်းများစွာ အပါအဝင် လူ(၁ဝဝဝ)နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အန်ကာရာမြို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ(၃)ရက်တွင် ရဲတပ်ဖွဲ့သည် တူရကီနိုင်ငံတစ်ဝှမ်း ကာဒစ်စစ်သွေးကြွအဖွဲ့များ နှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲခံထားရသော လူပေါင်း အနည်းဆုံး(၆၇)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များသည် တူရကီပြည်နယ်(၁၆)ခုတွင် ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီး ကာဒစ်စတန်အလုပ်သမားပါတီ (သို့မဟုတ်) ကာဒစ်စစ်သွေးကြွအဖွဲ့ PKK နှင့် ဆက်နွယ်နေသည်ဟု သံသယရှိသူ(၅၅)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောကြားခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့များသည် အခြားပြည်နယ်(၅)ခုတွင် စစ်ဆင်ရေးများကို ထပ်မံလုပ်ဆောင်ခဲ့ပြီး PKK အဖွဲ့ဝင်ဟု သံသယရှိသူ နောက်ထပ်(၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Ali Yerlikaya က ၎င်း၏ တွစ်တာအကောင့်တွင် ရေးသားဖော်ပြခဲ့သည်။
PKK သည် တူရကီတွင် ဆယ်စုနှစ်ပေါင်းများစွာကြာ အကြမ်းဖက်သူပုန်ထမှုများကို ဦးဆောင်ခဲ့ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမေရိကန် နှင့် ဥရောပသမဂ္ဂတို့၏ သတ်မှတ်ခြင်းကို ခံထားရကြောင်းလည်း သိရသည်။ တူရကီနိုင်ငံတွင် အကြမ်းဖက်သူပုန်ထမှုများ စတင်ဖြစ်ပွားခဲ့သည့် ၁၉၈၄ ခုနှစ် နောက်ပိုင်းကတည်းက လူပေါင်း သောင်းချီ သေဆုံးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ဝင်ရောက်စီးနင်းမှုများအတွင်း လိုင်စင်မဲ့သေနတ်များ ကိုင်ဆောင်ခြင်း (သို့မဟုတ်) သေနတ်မှောင်ခိုမှု နှင့် ဆက်နွယ်နေသည်ဟု သံသယရှိသူ(၉၂၈)ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က နောက်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသူများမှာ PKK အဖွဲ့နှင့် ဆက်နွယ်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ၎င်းက ထုတ်ပြန်ပြောကြားခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
တူရကီနိုင်ငံတစ်ဝှမ်း ဝင်ရောက်စီးနင်းမှုများအတွင်း လက်နက်ပေါင်း(၈၄ဝ)ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု၌သေဆုံးခဲ့သူ မြန်မာအမျိုးသမီးနှင့်ပတ်သက်ပြီး မြန်မာသံရုံးကကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ