ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု၌သေဆုံးခဲ့သူ မြန်မာအမျိုးသမီးနှင့်ပတ်သက်ပြီး မြန်မာသံရုံးကကူညီဆောင်ရွက်ပေးလျက်ရှိဟုဆို
စော(NSS)- အောက်တိုဘာ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာအတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်သည် Siam Paragon Shopping Mall တွင် ယမန်နေ့(အောက် တိုဘာလ ၃ရက်)တွင်ဖြစ်ပွားခဲ့ပြီး သေနတ်သမားတစ်ဦးက အဆိုပါစင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီး(၁)ဦးနှင့် ခရီးသွားတရုတ်နိုင်ငံသား(၁)ဦး တို့သေဆုံးခဲ့ပြီး လူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးသည် ဒေါ်မိုးမြင့် (၃၁)နှစ်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ Take Toys Co., Ltd ၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမားသံအရာ ရှိတို့က ယနေ့(အောက်တိုဘာလ ၄ ရက်)တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုရဲမှူးကြီး နှင့် ၎င်း၏အလုပ်ရှင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့သို့တွေ့ဆုံခဲ့စဉ် သေဆုံးသူ ဒေါ်မိုးမြင့်၏ နာရေးကိစ္စနှင့် ကရုဏာကြေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့တွင် နေထိုင်သူ ၎င်း၏ မိခင်ထံသို့ ဆက်သွယ်ခဲ့ရာ မိခင်ဖြစ်သူ၏ဆန္ဒအရ ဒေါ်မိုးမြင့်အား လာမည့် အောက်တိုဘာလ(၈)ရက်တွင် Changwattana ဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုလ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းလျက် လိုအပ်သည်များကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အမျိုးသား(၁)ဦး ခုန်ချမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း