Nagorno-Karabakh ဒေသကို နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင် စေလွှတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြော
Pika (NSS) - စက်တင်ဘာ ၃ဝ
အဇာဘိုင်ဂျန်အစိုးရသည် Nagorno-Karabakh ဒေသကို ပြန်လည်သိမ်းယူပြီးနောက် ကုလသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကိုဖြေရှင်းရန်အတွက် အဆိုပါဒေသကို နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် မစ်ရှင်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က "အဇာဘိုင်ဂျန်အစိုးရနဲ့ ကုလသမဂ္ဂတို့ဟာ Nagorno-Karabakh ဒေသကို မစ်ရှင်စေလွှတ်ဖို့ သဘောတူညီချက်ရရှိပြီးပါပြီ။ မစ်ရှင်စေလွှတ်မှုတွေကို ယခုသီတင်းပတ်ကုန်မှာ စတင်လုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အဇာဘိုင်ဂျန်အစိုးရသည် အာမေးနီးယားလူမျိုးအများဆုံးနေထိုင်သော Nagorno-Karabakh ဒေသကို စစ်ဆင်ရေးများ လုပ်ဆောင်ကာ ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဇာဘိုင်ဂျန်အစိုးရလက်အောက်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများရှိလာမည်ကို စိုးရိမ်နေသော အာမေးနီးယားလူမျိုးများသည် အဆိုပါဒေသတွင်းမှ အာမေးနီးယားနိုင်ငံသို့ ထွက်ပြေးခဲ့ကြကြောင်းလည်းသိရသည်။
ပြီးခဲ့သည့်နှစ်များကတည်းက အဇာဘိုင်ဂျန်နှင့်အာမေးနီးယားတို့သည် Nagorno-Karabakh ဒေသတွင် စစ်ပွဲများဖြစ်ပွားနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Stephane Dujarric က "Nagorno-Karabakh ဒေသမှာ ဖြစ်ပွားနေတဲ့ ရှုပ်ထွေးတဲ့ ပထဝီဝင်နိုင်ငံရေးအခြေအနေတွေကြောင့် ကျွန်တော်တို့ဟာ အဲဒီနေရာကို နှစ်ပေါင်း(၃၀)လောက်အထိ ဝင်ခွင့်မရခဲ့ပါဘူး။ ဒီနေရာကို ဝင်ရောက်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ အဲဒီမစ်ရှင်ကို လေကြောင်းကနေပဲပြုလုပ်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာနမှ ဦးဆောင်သည့် လူတစ်ဒါဇင်ခန့်ပါသော အဖွဲ့တစ်ဖွဲ့သည် Nagorno-Karabakh ဒေသတွင်းကျန်ရှိနေသောလူများနှင့် ရွှေ့ပြောင်းသွားလာနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
၎င်းက "နိုင်ငံတကာဥပဒေ အထူးသဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို လူတိုင်းလိုက်နာလေးစားဖို့ လိုအပ်တယ်ဆိုတာကို အဲဒီမစ်ရှင်က သတိပေးသလိုဖြစ်သွားစေမှာပါ"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်းလေ့ကျင့်ခန်းအစီအစဉ် နှင့် ပွဲစဉ်များတွင် ပြန်လည်တွေ့မြင်ရတော့မည့် အန်တိုနီ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ