အယ်လ်နီညိုအားအကောင်းဆုံးဖြစ်ပေါ်နိုင်သည့် နွေရာသီကာလတွင် မြန်မာနိုင်ငံ၌ ရေကန်များ ဆောလျင်စွာခန်းခြောက်နိုင်ဟုဆို
ယွန်း(NSS) - စက်တင်ဘာ ၂၈
အယ်လ်နီညိုအားအကောင်းဆုံးဖြစ်ပေါ်နိုင်သည့် နွေရာသီကာလတွင် မြန်မာနိုင်ငံ၌ ရေကန်များ ဆောလျင်စွာခန်းခြောက်နိုင်ကြောင်း နစကဒုဝန်ကြီးက အသိပေးပြောကြားထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စက်တင် ဘာလ(၂၇)ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အယ်လ်နီညို အားအကောင်းဆုံး ဖြစ်ပေါ်နိုင်သည့် ကာလမှာ နွေရာသီကာလဖြစ်ပြီး မြန်မာနိုင်ငံ၏ အပူချိန်အမြင့်မားဆုံးကာလနှင့် တိုက်ဆိုင်နေခြင်းကြောင့် မြေပေါ်ရေကန်များဆောလျင်စွာခန်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင်များ လျင်မြန်စွာနိမ့်ကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဒုဝန်ကြီးက အသိ ပေးပြောကြားခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးရေများကြိုတင်သိုလှောင်ရေး၊ ရေကိုအလဟဿမဖြစ်စေဘဲ အလေအလွင့်နည်းနည်းဖြင့် ထိရောက်စွာသုံးစွဲနိုင်ရေးကို ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။
လက်ရှိ ကာလတွင် အယ်လ်နီညိုဖြစ်စဉ်အား စောင့်ကြည့်လျက်ရှိပြီး အားကောင်းလာပါက အပူချိန်မြင့်တက်မှုကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေးရေ ရှားပါးခြင်းများ မကြုံတွေ့နိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်များရှာဖွေရေး၊ ၊ အပူဒဏ်နှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်သည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရေး နှင့် ရေလိုအပ်ချက်နည်းပါးသည့် သီးနှံကို ပြောင်းလဲစိုက်ပျိုးရေးကို ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန် ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာ့ဒေသအသီးသီးတွင် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးဆက်များစတင်သက်ရောက်နေပြီး ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်နှောင်းပိုင်းတွင် အယ်လ်နီညို၏ အကျိုးသက်ရောက်မှု ပိုမိုသိသာလာနိုင်ကြောင်း သိရသည်။
ထို့ပြင် အယ်လ်နီညို၏အကျိုးသက်ရောက်မှုကြောင့် အရှေ့တောင် အာရှနိုင်ငံများနှင့် ဒေသအချို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုများဖြစ်ပွားခဲ့ရာ နေအိမ်နှင့် လူထိခိုက်မှုများရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ