နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဒိုင်လူကြီးအန်သိုနီတေလာ၏ ဆုံးဖြတ်ချက်များကို မန်စီးတီးနည်းပြ ဝေဖန်ပြစ်တင်
Pika (NSS) - စက်တင်ဘာ ၂၄
မန်စီးတီးနည်းပြဂွါဒီယိုလာသည် နော်တင်ဟမ်ဖောရက်စ်အသင်းကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ၎င်း၏ အသင်းနောက်တန်းကစားသမားရိုဒရီ ပွဲချိန်(၄၆)မိနစ်တွင် အနီကဒ်ပြခံရကာ ထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရိုဒရီကို ထုတ်ပယ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ဒိုင်လူကြီးအန်သိုနီတေလာ၏ လုပ်ရပ်ကို ဂွါဒီယိုလာက ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် ဒုတိယပိုင်းအစတွင် ကစားသမား(၁ဝ)ဦးဖြင့် ကစားခဲ့ရသော်လည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်း နှင့် ကစားခဲ့သည့်ပွဲတွင် မန်စီးတီးကွင်းလယ်လူဖိုဒန်သည် ပွဲချိန်(၇)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးဟာလန်းက ပွဲချိန်(၁၄)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲအတွင်း ဒိုင်လူကြီး အန်သိုနီတေလာသည် ရိုဒရီကို အနီကဒ်ပြကာ ထုတ်ပယ်ခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်းမှ ကစားသမား(၇)ဦး နှင့် မန်စီးတီးအသင်းကစားသမား(၃)ဦးတို့ကို အဝါကဒ် ထပ်မံပြခဲ့ကြောင်း သိရသည်။
ထို့အပြင် အန်သိုနီတေလာသည် မန်စီးတီးနည်းပြဂွါဒီယိုလာကိုလည်း အဝါကဒ်ပြသခဲ့ကြောင်း သိရသည်။ ဂွါဒီယိုလာက "ဒီကစားပွဲဟာ ပွဲချိန်(၃၅)မိနစ်လောက်ထိ နှစ်သင်းလုံးအတွက် အကောင်းဆုံးကစားပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပရမ်းပတာတွေဖြစ်ခဲ့ပြီး အနီကဒ်တွေ၊ အဝါကဒ်ပြတာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဒီအဝါကဒ်တွေအားလုံးက မန်စီးတီးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ကစားသမားတွေ အမှား မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒိုင်လူကြီးက ကစားပွဲကို လုံးဝပြောင်းပစ်လိုက်တာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အချက်ကို ဘရာဇီးသမ္မတ ထုတ်ဖော်ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း