Covid-19 ဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
ရောင်နီ (NSS) - စက်တင်ဘာ ၂၄
Covid-19 ကူးစက်မှုကြောင့် ဆေးရုံတက်နေရသူ သုံးပုံတစ်ပုံဟာ ကူးစက်ခံရပြီးနောက် လပေါင်းများစွာအတွင်း ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများစွာမှာ မူမမှန်မှုတွေ တွေ့ရှိလာရတယ်လို့ ဗြိတိန်လေ့လာမှုတစ်ခုက စနေနေ့(စက်တင်ဘာလ ၂၃ ရက်)မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ သန်းနဲ့ချီတဲ့ Covid ကူးစက်ခံလူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပထမဆုံး အသက်ရှူကြပ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ လက္ခဏာတွေကို ခံစားကြရပြီး ရေရှည်မှာ Covid-19 က ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်စေနိုင်သလဲ အပါအဝင် ဘယ် လိုအခြေအနေတွေအထိ ဖြစ်စေနိုင်လဲဆိုတာ လေ့လာခဲ့ကြပါတယ်။ လေ့လာမှုကို The Lancet Respiratory Medicine ဂျာနယ်မှ ထုတ်ဝေဖော်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါလေ့လာမှုဟာ Covid-19 ကြောင့် ဆေးရုံတက်ကုသမှုခံရသူတွေကို ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်စတဲ့ ကိုယ်တွင်းအင်္ဂါရပ်တွေကို MRI စကင်န်ဖတ်ကြည့်ရှုခြင်းမှတွေ့ရှိလာတဲ့ ရလဒ်တွေဖြစ်ပါတယ်။ ၎င်းဟာ ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဗြိတိန်တစ်ဝှမ်း Covid-19 နဲ့ ဆေးရုံတက်ခဲ့ရတဲ့အရွယ်ရောက်ပြီးသူ ၂၅၉ ဦးရဲ့ ကိုယ်တွင်းအင်္ဂါ ကို စကင်ဖတ်ပြီး ဗိုင်းရပ်စ်ပိုးမကူးစက်ဖူးသူ ၅၂ ဦးနဲ့ နှိုင်းယှဉ် ကြည့်ရှုလေ့လာခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီတွေ့ရှိချက်မှာ Covid-19 လူနာ သုံးပုံတစ်ပုံနီးပါးဟာ ဆေးရုံမှဆင်းပြီးနောက် ပျမ်းမျှငါးလအကြာမှာ ကိုယ်တွင်းအင်္ဂါ တစ်ခုထက်ပိုပြီး မူမမှန်မှုတွေ တွေ့ရှိရတယ်လို့ လေ့လာမှုက ဆိုပါတယ်။ Covid-19 နဲ့ ဆေးရုံတင်ထားသူတွေမှာ အဆုတ်ပုံမမှန် ဖြစ်နိုင်ခြေ ၁၄ ဆပိုများပြီး ၎င်းတို့ရဲ့ ဦးနှောက်မူမမှန်ဖြစ်နိုင်ခြေဟာလည်း သုံးဆပိုများတယ်လို့ လေ့လာမှုက ဆိုပါတယ်။
ကိုယ်တွင်းအင်္ဂါမူမမှန်မှုများစွာ ဖြစ်ပေါ်လာပြီဆိုရင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေရှိလာနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုတောင် ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ Oxford တက္ကသိုလ်မှ အဆိုပါ လေ့လာမှုရဲ့ ဦးဆောင်စာရေးဆရာ ဘက်တီရာမန် က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Covid-19 ဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ