ဒိန်းမတ်နိုင်ငံမှ ယူကရိန်းသို့ ကူညီထောက်ပံ့ပေးခဲ့သော တင့်ကားအများစုမှာ ချို့ယွင်းချက်များရှိနေဟုဆို
Pika (NSS) - စက်တင်ဘာ ၂၃
ဒိန်းမတ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ကူညီပံ့ပိုးပေးထားသော ဂျာမနီထုတ် Leopard 1 တင့်ကားးများ၏ (၅၀)ရာခိုင်နှုန်းကျော်မှာ ချို့ယွင်းမှုများရှိနေကြောင်း ဒိန်းမတ်ချန်နယ် TV 2 ကဖော်ပြခဲ့သည်။
ဂျာမနီကပေးပို့ခဲ့သော တင့်ကားများသည် ချို့ယွင်းမှုများရှိနေခြင်းကြောင့် ယူကရိန်းဘက်က ပယ်ချခဲ့ကြောင်းသိရသည်။ ဒိန်းမတ်နိုင်ငံက ကူညီပံ့ပိုးပေးပို့ခဲ့သော တင့်ကားအစီးရေ(၂၀)တွင် (၁၂)စီးမှာ ပြဿနာများရှိနေသည်ဆိုသည့်အချက်ကို ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က အတည်ပြုခဲ့ကြောင်းသိရသည်။ ချို့ယွင်းမှုအနည်းငယ်ရှိနေသော တင့်ကား(၁၀)စီးမှာ ယူကရိန်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး အခြားတင့်ကား(၁၀)စီးမှာ ပိုလန်နိုင်ငံတွင် ဆက်ရှိနေဆဲဖြစ်ကာ ၎င်းတို့အနက်မှ အနည်းဆုံး(၂)စီးမှာ ချို့ယွင်းမှုအများအပြားရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံသည် ယူကရိန်းသို့ ဂျာမနီထုတ် Leopard 1 တင့်ကားအမျိုးအစား အစီးရေ(၁၀၀)ခန့် ကူညီပံ့ပိုးပေးရန်အတွက် ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံတို့နှင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း တင့်ကားများတွင် ပါဝင်သော စက်သေနတ်များ ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ယူကရိန်းသို့ တင့်ကားများပေးပို့မှုမှာ နှောင့်နှေးခဲ့ရကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ဇူလိုင်လအစောပိုင်းတွင်ပြောကြားခဲ့သည်။
ဂျာမနီက ကူညီပံ့ပိုးပေးခဲ့သော Leopard 1 တင့်ကား(၁၀)စီးကို ချို့ယွင်းချက်များရှိနေခြင်းကြောင့် လက်ခံရယူရန် ယူကရိန်းအစိုးရက ငြင်းဆိုခဲ့ကြောင်း Der Spiegel သတင်းဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးရန်အတွက် တင့်ကားအနည်းဆုံး(၆)စီးကို ပြတိုက်ထဲမှ ထုတ်ယူခဲ့ကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ယခုလအစောပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့တွင် ဓားပြအဖွဲ့အား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ(၂)ဦးသေဆုံး၍ (၂)ဦးအား အရှင်ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ