ကမ္ဘာမှာ မညီမျှမှုများဖြစ်ပွားနေခြင်းများမြင့်တက်နေပြီး ကမ္ဘာ့အချမ်းသာဆုံးလူ ၁ဝ ဦးရဲ့ကြွယ်ဝချမ်းသာမှုက ကမ္ဘာ့လူဦးရေ ၄ဝ ရာခိုင်နှုန်းရဲ့ပိုင်ဆိုင်မှုထက် ပိုများနေဟု ဘရာဇီးသမ္မတ ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၁
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ကမ္ဘာမှာ မညီမျှမှုတွေဖြစ်ပေါ်နေခြင်း နဲ့ ကမ္ဘာရေးရာစိန်ခေါ်မှုတွေကို ကြိုးပမ်းအားထုတ်မှုပိုမိုလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးသမ္မတက လက်ရှိအချိန်မှာ ကမ္ဘာကြီးကိုမတည်ငြိမ်မှုများဖြစ်အောင် ခြိမ်းခြောက်နေခြင်း၊ ကမ္ဘာ့နိုင်ငံတွေ ကြား မညီမျှမှုတွေ မြင့်မားစွာဖြစ်ပေါ်နေခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် သက်ရောက်မှုများစွာဖြစ်စေခဲ့တဲ့ အချိုးမညီမှုတွေကို ဖြေရှင်းရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
ဘရာဇီးသမ္မတက "ကမ္ဘာမှာ မညီမျှမှုတွေများစွာဖြစ်နေတယ်။ ကမ္ဘာ့အချမ်းသာဆုံး လူ ၁ဝ ဦးရဲ့ ကြွယ်ဝချမ်းသာမှု တွေဟာ ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ ၄ဝ ရာခိုင်နှုန်းထက် ပိုမိုချမ်းသာနေတယ်။ ကမ္ဘာတဝန်းမှာ မညီမှုတွေဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတွေရဲ့စီးပွားရေးလူမှုရေး စတဲ့ကိစ္စတွေကို သက်ရောက်မှုများစွာဖြစ်လာစေခဲ့တယ်။ ကမ္ဘာတဝန်းရှိ လူဦးရေ ၇၃၅ သန်းဟာ နေ့စဉ် အစားစာမလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ လက်ရှိချမ်းသာတဲ့ နိုင်ငံ တွေ မျှဝေပေးနိုင်တဲ့ အရေအတွက်ထက် ပိုများနေတယ်။ ကမ္ဘာ့နိုင်ငံတွေကြား မညီမျှမှုတွေ ဖြစ်ပေါ်နေခြင်း ကြောင့် ကမ္ဘာ့နေရာအချို့မှာ ကလေးငယ်တွေဟာ မိခင်ဝမ်းဗိုက်ထဲမှာကတည်းက ဘဝတစ်လျှောက်လုံး အခွင့် အရေးရမလားဆိုတာကို ဆုံးဖြတ်ခံရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အစိုးရတွေဟာ မညီမျှမှုတွေကို အဆုံးသတ်နိုင်အောင် လုပ်ဆောင်ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း၊ ချမ်းသာတဲ့နိုင်ငံ တွေဟာ လူမှုရေးပြဿနာတွေကို ဖြေရှင်းနိုင်အောင် တိုးမြှင့်ကြိုးပမ်းရမယ့်အစား စစ်ပွဲတွေအတွက် အရင်းအမြစ် တွေကို ဖြည့်ဆည်းပေးဖို့သာ ပိုမိုအာရုံစိုက်နေကြောင်း ဘရာဇီးသမ္မတက ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးသမ္မတက ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ခွင့်ပြုချက်မရှိဘဲ စစ်ပွဲဆင်နွဲနေတဲ့နိုင်ငံတွေကို အရေးယူဖို့ ပျက်ကွက်နေဆဲဖြစ်ကြောင်း၊ ယူကရိန်းစစ်ပွဲဟာ ကုလသမဂ္ဂကြေညာစာတမ်းနဲ့ ရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းဆောင်ရွက်နိုင်မှုမရှိခြင်းကို ညွှန်ပြနေကြောင်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးမှုကို အခြေခံမဖြေရှင်းဘူးဆိုရင် စစ်ပွဲအဆုံးသတ်ဖို့ အဖြေရမှာ မဟုတ်ကြောင်း ဘရာဇီးသမ္မတက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံမြို့၌ ကားတစ်စီးအရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ (၄)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ