ယီမင်နိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် သိမ်းဆည်းရမိထားသော လက်နက်များကို ယူကရိန်းသို့ပေးပို့ရန် အမေရိကန်အစိုးရစီစဉ်နေ
Pika (NP News) - ဖေဖော်ဝါရီ ၁၅
အမေရိကန်အစိုးရသည် ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သိမ်းယူထားသော လက်နက်များကို ယူကရိန်းသို့ တရားဝင်ပေးပို့ပေးရန် ကြိုးပမ်းနေကြောင်း Wall Street Journal သတင်းစာကဖော်ပြခဲ့သည်။
အဆိုပါလက်နက်များကို အီရန်က ဟူသီသူပုန်များထံ ကူညီပံ့ပိုးပေးရာတွင် အမေရိကန်က ယီမင်ကမ်းလွန်ပင်လယ်ပြင်၌ ကြားဖြတ်ဖမ်းဆီးသိမ်းယူထားခြင်းဖြစ်ကြောင်းသိရသည်၊၊
သိမ်းယူထားသော လက်နက်ပမာဏသည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်နှင့်၎င်း၏မဟာမိတ်နိုင်ငံများ ယူကရိန်းသို့ပေးပို့ခဲ့သော လက်နက်ပမာဏနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းပါးကြောင်း၊ ယူကရိန်းသို့ပေးပို့မှုသည် ရုရှားကိုဒရုန်းများထောက်ပံ့ပေးနေသော အီရန်အတွက် သင်္ကေတပြစ်ဒဏ်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက သိမ်းယူထားသောလက်နက်များတွင် ရိုင်ဖယ်သေနတ်အလက်(၅ဝဝဝ)နှင့် ကျည်ဆန်(၁ ဒသမ ၆)သန်း၊ တင့်ကားဖျက်ဒုံးကျည်များနှင့် proximity fuses(၇ဝဝဝ)တို့ပါဝင်ကြောင်းသိရသည်။ အဆိုပါလက်နက်များကို ပြီးခဲ့သည့်လများအတွင်း အိုမန်ပင်လယ်ကွေ့၌ အမေရိကန်နှင့်ပြင်သစ်နိုင်ငံမှ သင်္ဘောသားများ လိုက်ပါလာသည့် ငါးဖမ်းသင်္ဘော(၃)စီးပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ဟူသီအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် Nasr al-Din Amir က"ဒီလက်နက်လောက်လေးပေးပို့တာက စစ်ပွဲကို ဘယ်လိုအပြောင်းအလဲဖြစ်စေမှာလဲ။ဒီထက်ပိုကောင်းတဲ့လက်နက်တွေကို သူတို့အရင်တည်းကပို့ခဲ့တာပဲ"ဟုပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လတွင် အမေရိကန်၊ ဂျာမနီနှင့် ဗြိတိန်တို့သည် တိုက်ပွဲဝင်တင့်ကားများ ယူကရိန်းသို့ပေးပို့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခုသီတင်းပတ်အတွင်း၌ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းက ယူကရိန်းကို ကျည်ဆန်သန်း(၁ဝဝ)ကျော်ပေးပို့ထားကြောင်း အမေရိကန်စစ်ဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သော နေတိုးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုလ်တန်ဘာ့ချ်က ယူကရိန်း၏ခဲယမ်းမီးကျည်များ လက်ရှိသုံးစွဲနှုန်းသည် အနောက်အုပ်စုနိုင်ငံများ လက်ရှိထုတ်လုပ်မှုနှုန်းထက် အဆများစွာမြင့်မားနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။
အနောက်အုပ်စုနိုင်ငံများနှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ယူကရိန်းသို့စစ်လက် နက်ပစ္စည်းများ ကူညီပံ့ပိုးပေးခြင်းသည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင်လုပ် ဆောင်နေခြင်းဖြစ်သကဲ့သို့ ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းဖြစ်ကြောင်း ရုရှားဘက်ကအကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်ကို အကောင်အထည်ဖော်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ