သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ကာ စုံစမ်းစစ်ဆေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအတွင်း နှစ်ခြမ်းကွဲနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၅
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်သလို အမေရိကန်သမ္မတဖြစ်တဲ့ဂျိုးဘိုင်ဒန်ကို ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်း စွပ်စွဲပြစ်တင် စုံစမ်းဖို့ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအတွင်း နှစ်ခြမ်းကွဲနေတယ်လို့ မကြာသေးမီကထုတ်ပြန်ခဲ့တဲ့ Reuters/Ipsos ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
စစ်တမ်းဖြေဆိုသူအားလုံးရဲ့ ၄၁ ရာခိုင်နှုန်းက သားဖြစ်သူ ဟန်တာဘိုင်ဒန် နဲ့ ဆက်နွယ်ပြီး သမ္မတဂျိုးဘိုင်ဒန်ကို အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲမှုများနဲ့ စစ်ဆေးစုံစမ်းမယ့် အောက်လွှတ်တော်ရဲ့လုပ်ရပ်ကို အားပေးထောက်ခံကြောင်း ဖော်ပြထားပေမယ့် ၃၅ ရာခိုင်နှုန်းကတော့ စွပ်စွဲပြစ်တင်စုံစမ်းခြင်းကို ဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် အခြား ၂၄ ရာခိုင်နှုန်းကတော့ ဂျိုးဘိုင်ဒန်ကိုလွှတ်တော်က စွပ်စွဲပြစ်တင်တဲ့ကိစ္စကို သေချာမသိဘူးလို့ တုံ့ပြန်ထားကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ဟာ အွန်လိုင်းကတဆင့် အမေရိကန်နိုင်ငံသား ၄၄၁၃ ဦးကို စက်တင်ဘာ ၈ ရက်ကနေ စက်တင်ဘာ ၁၄ ရက်အထိ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အောက်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေကတော့ သမ္မတဂျိုးဘိုင်ဒန်အပေါ် စုံစမ်း စစ်ဆေးမှုတွေကို အစီစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။ ရီပတ်ဘလီကန်ပါတီအမတ် တွေဟာ ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ရဲ့စီးပွားရေးလုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးချိန်အတွင်း သမ္မတဂျိုးဘိုင်ဒန် ပါဝင်ဆက်နွယ်ခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများထံကနေ ငွေကြေးရယူခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ရီပတ်ဘလီကန်ပါတီအမတ်တွေဟာ သမ္မတဂျိုးဘိုင်ဒန် အမှားအယွင်းတွေလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို ခိုင်မာတဲ့ သက်သေပြနိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသူများအနက် ၁၈ ရာခိုင်နှုန်းက သမ္မတအပေါ် စွပ်စွဲပြစ်တင်ကာ စုံစမ်းစစ်ဆေးမယ့်ကိစ္စကို ထောက်ခံပေမယ့် အခြား ၆၃ ရာခိုင်နှုန်းက ထောက်ခံခြင်းမရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ရီပတ်ဘလီကန်ပါတီကို အားပေးထောက်ခံသူတွေထဲမှာ သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ကာ စုံစမ်း စစ်ဆေးခြင်းကို ထောက်ခံသူ ၇၁ ရာခိုင်နှုန်းရှိနေပြီး ကန့်ကွက်သူ ၁၄ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။
အမေရိကန်နိုင်ငံသားအများစုက ဟန်တာဘိုင်ဒန်ဟာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာဖခင်ဖြစ်သူရဲ့ အရှိန်အဝါကိုအသုံးချပြီး အထူးအခွင့်ရေးရရှိခဲ့သလို ငွေကြေးများရယူခဲ့ကြောင်း ယုံကြည်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆယ်ကျော်သက်အရွယ်အမျိုးသမီး(၄)ဦးကို ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးခေါင်းပုံဖြတ်သူများကို ထောင်ဒဏ်တစ်သက် အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ