နိုင်ဂျာနိုင်ငံတွင်ထားရှိသော တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားရန် စီစဉ်နေကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - စက်တင်ဘာ ၉
အမေရိကန်နိုင်ငံသည် နိုင်ဂျာနိုင်ငံတွင်ရှိသော ၎င်း၏တပ်ဖွဲ့များကို ပြန်လည်နေရာချထားခြင်းအား စတင်လုပ်ဆောင်ခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်ကို ထက်ဝက်နီးပါးလျှော့ချသွားရန် စီစဉ်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာန အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Politico သတင်းစာကဖော်ပြခဲ့သည်။
Niamey မြို့လေဆိပ်တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့အချို့ကို အဆိုပါလေဆိပ်မှ မိုင်(၅၀၀)ခန့်အကွာတွင်ရှိသော Agadez မြို့ရှိ အခြေစိုက်စခန်းတစ်ခုသို့ ပြန်လည်နေရာချထားပေးပြီ'ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာဘရီနာဆင်းချ်က ပြောကြားခဲ့သည်။ အဆိုပါလုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်နိုင်ငံသည် နိုင်ဂျာတွင်ရှိသော ၎င်း၏တပ်ဖွဲ့ဝင်(၁၂၀၀)ခန့်ကို (၅၀၀)မှ(၁၀၀၀)ကြားအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဂျာနိုင်ငံတွင် အကြမ်းဖက်တိုက်ဖျက်ရေးမစ်ရှင်ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်မှုနှင့်အတူ Agadez မြို့ရှိ စစ်အခြေစိုက်စခန်းတွင် တပ်ဖွဲ့ဝင်မည်မျှထားရှိနိုင်သည်ဆိုသည့်အချက်ကို အမေရိကန်စစ်ဌာနချုပ်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် နိုင်ဂျာနိုင်ငံတွင်း အခြေအနေများမှာတည်ငြိမ်နေပြီး အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် ခြိမ်းခြောက်မှုများမရှိကြောင်း ဆာဘရီနာဆင်းချ်ကမှတ်ချက်ပြုပြောဆိုခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်စစ်အခြေစိုက်စခန်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကြောင့် သတိထားကြရန် တပ်ဖွဲ့ဝင်များကို တိုက်တွန်းခဲ့ကြောင်း ဆာဘရီနာဆင်းချ်က ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဌာနအရာရှိတစ်ဦးက "Niamey မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် နိုင်ဂျာနိုင်ငံတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
အမေရိကန်နှင့် ပြင်သစ်တို့သည် Sahel ဒေသတစ်လျှောက်တွင်ရှိသော အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များကို ချေမှုန်းတိုက်ခိုက်ရန်အတွက် တပ်ဖွဲ့ဝင်များနှင့် ဒရုန်းများကို နိုင်ဂျာနိုင်ငံသို့စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၁၀၀၀)ကျော်ကို UWSA အဖွဲ့မှ ဖမ်းဆီးကာ တရုတ်နိုင်ငံထံလွှဲပြောင်းပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ