မော်ရိုကိုနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ (၆၀၀)ကျော် သေဆုံး
Pika (NSS) - စက်တင်ဘာ ၉
မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ(၈)ရက် ညနေပိုင်းက အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၆၀၀)ကျော် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အခြားလူ(၃၀၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှု အများဆုံးသည် သွားလာရန် ခက်ခဲသော တောင်ပေါ်ဒေသများတွင် ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးအများဆုံးနေရာများသည် ကျေးလက်ဒေသများတွင် ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ပြည်သူများကို စိတ်အေးအေးထားကြရန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်းသိရသည်။ အဆိုပါငလျင်သည် Al Haouz၊ Ouarzazate၊Marrakesh၊ Azilal၊ Chichaoua နှင့်Taroudant ပြည်နယ်တို့တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။
ငလျင်လှုပ်ခတ်မှုဒဏ်ခံရသော ဒေသများတွင် နေထိုင်သူများသည် ၎င်းတို့၏နေအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ရပြီး လမ်းမများပေါ်တွင် နေခဲ့ရကာ အပျက်အစီးများကို ကူညီရှင်းလင်းပေးလျက်ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် အဆောက်အဦးအများအပြား ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရပြီး အချို့အဆောက်အဦးများသည် လုံးဝပြိုကျသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် UNESCO ကမ္ဘာ့အမွေ အနှစ်နေရာတစ်ခုဖြစ်သည့် မြို့ဟောင်း Medina ရှိ Jemaa el-Fnaa ရင်ပြင်အနီးတွင်ရှိသော ဗလီတစ်ခုလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်းသိရသည်။
ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော အခြားဗီဒီယိုဖိုင်များတွင် ဒေသခံများသည် ကြောက်လန့် တကြားထွက်ပြေးနေကြသည်ကိုလည်း တွေ့မြင်ခဲ့သည်။ အဆိုပါငလျင်သည် Al Haouz ပြည်နယ်တွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား (၇)မဂ္ဂနီကျူရှိကြောင်း မော်ရိုကိုနိုင်ငံ၏ အမျိုးသားဘူမိရူပဗေဒသိပ္ပံက ထုတ်ပြန်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းမှပြန်လာသည့် ဒုဗိုလ်မှူးကြီး(ငြိမ်း)နှင့်အတူ မိသားစုဝင်(၃)ဦး လုပ်ကြံခံခဲ့ရပြီး သားဖြစ်သူ မျက်လုံးကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ