အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိသည့်အတွက် ရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ရန် နစကဥက္ကဋ္ဌပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၆
အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိသည့်အတွက် ရေပြတ်လပ်မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားသည်။
၎င်းက ယမန်နေ့(စက်တင်ဘာလ ၅ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိုးလေဝခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လ ကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်များကြုံတွေ့ရမည်ဟု သိရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်း နှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ်ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်မှုမရှိစေရေးကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန် ၎င်းက တိုက်တွန်းအသိပေးထားသည်။
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် နွေရာသီ၌ရေရှားပါးမှုများ ကြုံတွေ့နိုင်ခြင်းကြောင့် ရေကိုကြိုတင်သိုလှောင်ထားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အကြံပြုတိုက်တွန်းထားသည်။
“အယ်လ်နီညိုရဲ့သဘောတရားက ခြောက်သွေ့တယ်၊ မိုးရွာသွန်းမှုနည်းမယ်၊ အပူချိန်တွေများမယ် ဒါပေမယ့် မြန်မာနိုင်ငံကတော့ ထိခိုက်ခံစားရမှုဆိုးတဲ့နိုင်ငံထဲမှာတော့ မပါဘူး။ ဒါပေမယ့် အယ်လ်နီညိုက ကမ္ဘာကြီးတစ်ခုလုံးရဲ့ရာသီဥတုကို အပြောင်းအလဲဖြစ်စေတယ်လို့ဆိုထားတာရှိတော့ မြန်မာနိုင်ငံအနေနဲ့လည်း အနည်းနဲ့အများတော့ ခံစားရမယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကို ပြောကြားထားသည်။
ရာသီဥတုမျှတကောင်းမွန်စေပြီး မြေနှင့်ရေကို ထိန်းသိမ်းပေးနိုင်ရန်အတွက် ယခုနှစ် မိုးရာသီ၌ နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်းကို စိုက်ပျိုးတည်ထောင်နေကြောင်း နစကမှ အသိပေးထားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသော အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမနှင့် ရထားလမ်းများတစ်လျှောက်တွင် စိမ်းလန်းစိုပြေရန် သစ်ပင်များစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ