အာဖဂန်နစ္စတန်နိုင်ငံတွင် စွန့်ပစ်ခဲ့သော အမေရိကန်ထုတ်လက်နက်များ စစ်သွေးကြွအဖွဲ့များ လက်ထဲသို့ရောက်ရှိနေဟု ပါကစ္စတန်အစိုးရပြော
Pika (NSS) - စက်တင်ဘာ ၅
၂ဝ၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းခဲ့ချိန်အတွင်း စွန့်ပစ်ခဲ့သော အမေရိကန်ထုတ်လက်နက်များသည် ပါကစ္စတန်အခြေစိုက် တာလီဘန်များ အပါအဝင် ISIS အကြမ်းဖက်အဖွဲ့များ လက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က သတိပေးပြောဆိုခဲ့သည်။
အဆိုပါလက်နက်များသည် ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့(TTP) များ၏ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းများကို ပိုမိုမြှင့်တင်ပေးခဲ့ပြီး ပါကစ္စတန်အစိုးရအတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်လာခဲ့ကြောင်း ဝန်ကြီးချုပ် Anwaar-ul-Haq Kakar က ပြောကြားခဲ့သည်။
အမေရိကန်ထုတ်လက်နက်များကြောင့် (TTP) အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းမှာ ပိုကောင်းလာခဲ့ပြီး ပြီးခဲ့သည့် လများအတွင်း ပါကစ္စတန်ရဲတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း ၎င်းက ပြစ်တင် ပြောဆိုခဲ့သည်။ အမေရိကန်သည် ၂ဝ၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ ၎င်း၏တပ်ဖွဲ့များကို ရုတ်သိမ်းပြီးနောက် Kabul မြို့ကို သိမ်းပိုက်ကာ အာဏာပြန်ရလာခဲ့သော အာဖဂန်နစ္စတန် အခြေစိုက်တာလီဘန် အဖွဲ့ နှင့် ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့(TTP)သည် မိတ်ဖက်အဖွဲ့များဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း စွန့်ပစ်ထားခဲ့သော အမေရိကန်ထုတ်လက်နက်များကို ပါကစ္စတန်စစ်သွေးကြွအဖွဲ့များ မည်ကဲ့သို့ ရရှိခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို Anwaar-ul-Haq Kakar က ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုး မရှိကြောင်းလည်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းစဉ်အချိန်အတွင်း အမေရိကန်ဒေါ်လာ(၇)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြီးခဲ့သည့်နှစ်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့များ သိမ်းပိုက်ထားစဉ်အချိန်အတွင်း ကဘူးလ်မြို့ရှိ အမေရိကန်ကျောထောက် နောက်ခံပြုအစိုးရကို ပေးအပ်ခဲ့သော လက်နက်များထဲတွင် တိုက်လေယာဉ်များ၊ စစ်ဘက်သုံးယာဉ်များ၊ ဆက်သွယ်ရေးပိုင်းပစ္စည်းများ နှင့် သေနတ်များ ပါဝင်ကြောင်း သိရသည်။
သို့သော်လည်း အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်းမှ ထွက်ခွာပြီးနောက် တာလီဘန်အဖွဲ့များက ပြန်လည်အာဏာ ရလာကာ သိမ်းပိုက်မှုများနှင့်အတူ အမေရိကန်ကျောထောက်နောက်ခံပြုအစိုးရအဖွဲ့များသည် စစ်လက်နက် ပစ္စည်းများကို ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုများ လုပ်ဆောင်ရန် ပါကစ္စတန်ဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ လေဆာအာရုံခံစနစ်ပါရှိသည့် သေနတ်များကဲ့သို့သော အမေရိကန်ထုတ်လက်နက်များသည် ပါကစ္စတန်ရဲတပ်ဖွဲ့များကို အကွာအဝေးတစ်ခုမှ ပစ်မှတ်ထားတိုက်ခိုက်နိုင် ရန်အတွက် (TTP) အဖွဲ့ကို အကူအညီများဖြစ်စေခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းမည့် တရုတ်လူကုန်ကူးဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့ကြားဖြတ် ဖမ်းဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ