ဈေးကစားလိုသည့်သဘောဖြင့် ဆန်စပါးသိုလှောင်မှုမဖြစ်စေရန် Online Registration ပြုလုပ်မည့်အစီအစဥ်ကို ယခုလလယ်၌ စတင်မည်ဟု MRF အသိပေး
ယွန်း (NSS) - စက်တင်ဘာ ၂
ဈေးကစားလိုသည့် သဘောဖြင့် ဆန်စပါး သိုလှောင်မှုမဖြစ်စေရန် Online Registration ပြုလုပ်မည့်အစီအစဥ်ကို စက်တင်ဘာလလယ်၌ စတင်မည်ဟု MRF အသိပေးထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ စက်တင်ဘာလ(၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆန်စပါးကို ပြည်တွင်း၌ ပုံမှန်စိုက်ပျိုးထုတ်လုပ်နေခြင်းကြောင့် ဖူလုံရုံမျှမက ပိုလျှံမှုရှိသဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့ရောင်းချနေပြီး ယခု(၂၀၂၃)ခုနှစ်အတွက် စပါးလက်ကျန်၊ ဆန်လက်ကျန်များလည်း လုံလောက်စွာရှိကြောင်း သိရသည်။
ထို့ပြင် စပါးများ၊ ဆန်များ သိုလှောင်ထားမှုကို နည်းမှန်လမ်းမှန် ထိန်းကျောင်းနိုင်ရန်နှင့် ဈေးကစားလိုသည့် သဘောဖြင့် သိုလှောင်မှုမဖြစ်စေရေးအတွက် သိုလှောင်မှုကို Online Registration ပြုလုပ်မည့် အစီအစဉ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလလယ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်းပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှနေ၍ စီစဉ်ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လက အသိပေးထုတ်ပြန်ထားသည်။
၎င်းစနစ်ကို အသုံးပြုနိုင်ပါက သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း သိရသည်။
အဆိုပါအစီအစဥ်သည် သိုလှောင်ရုံတစ်နေရာတွင် စပါးတင်း(၅၀၀၀) (သို့မဟုတ်) ဆန်တန်ချိန်(၅၀)အထက်ပို၍ သိုလှောင်မှုများအတွက်သာ စာရင်းပြုစုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်း အဓိကစားသုံးဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း နှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်း စသော ပြည်တွင်းစားဆန် အမျိုးအစားများကို ပြည်တွင်းဈေးကွက်အတွက်သာ လတ်တ လော ဦးစားပေး ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ပြည်ပတင်ပို့ ဆောင်ရွက်ခြင်းမပြုဘဲ ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဧည့်မထ အုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ ပြည်ပသို့ အဓိကတင်ပို့လျက်ရှိပြီး ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု(၁၀၀)ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စနစ်တကျ စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကူညီပေးလိုသည့် အပြုအမူပြကာ အမျိုးသားတစ်ဦးအား ရိုက်နှက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်မှု ရန်ကုန်၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ