ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကူညီပေးလိုသည့် အပြုအမူပြကာ အမျိုးသားတစ်ဦးအား ရိုက်နှက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်မှု ရန်ကုန်၌ဖြစ်ပွား
သန့်ဇင်(NSS) - စက်တင်ဘာ ၂
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာဘုရားမီးပွိုင့်အနီးတွင် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုအတွင်း လူ(၂)ဦးက ကူညီပေးလိုသည့် အပြုအမူပြကာ အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁ရက်)၊ ည ၇နာရီ ၂၀မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၊ တောင်ဥက္ကလာဘုရား မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း တပိုင်တနိုင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ဆေးရုံရောက်တော့မှ အရိုက်ခံရတဲ့လူနာရဲ့ပြောပြချက်အရပေါ့နော်။ Harrier ကားက ရှေ့က HIJET ကိုဝင်တိုက်မိတာ”ဟု တပိုင်တနိုင်လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် HIJET ကားပေါ်မှ အသက်(၃၀)ဝန်းကျင်အမျိုးသားတစ်ဦးနှင့် အသက်(၁၈)နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“HARRIER ကားပေါ်က အမျိုးသားက အောက်ဆင်းလာတဲ့အချိန်မှာ ဘေးက လူနှစ်ယောက်က ကူညီချင်ယောင်ဆောင်ပြီးတော့ အုတ်ခုံတစ်ခုပေါ်ကိုခေါ်သွားပြီးထိုင်ခိုင်းတယ်ပြောတယ်။ ပြီးမှဘာမှမဖြစ်ဘူးပြောပြီး သူ့ရဲခေါင်းကိုရိုက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ရိုက်လုသွားတာလို့ပြောတယ်။ သူ့ကိုလဲ မြောင်းထဲတွန်းချခဲ့တယ်လို့ပြောတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ ရိုက်နှက်လုယက်ခံရသည့် အမျိုးသားသည် အသက်(၄၀)ခန့်ရှိပြီး ဦးခေါင်း၌ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်း၏ ပိုက်ဆံအိတ်အတွင်းမှ ငွေသားငါးသိန်းနှင့်လက်ကိုင်ဖုန်းတစ်လုံးပါလုယက်ခံခဲ့ရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီးတစ်ဦးအား မြောက်ဥက္ကလာပမြို့ နယ်ရှိ မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်၌ စားအုန်းဆီဈေးကျဆင်းလာခြင်းမရှိဘဲ လက်လီပြင်ပဈေး တစ်ပိဿာ ကိုးထောင်ကျပ်ဝန်းကျင်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း