အရန်ဆန်အိတ်ပေါင်း (၃)သိန်းကျော်ရောင်းချပေးထားပြီး ဆက်လက်ရောင်းချပေးသွားမည်ဟု MRF ဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ အရန်ဆန်တွေကို စတင်ထုတ်ရောင်းတဲ့နေ့က စတင်ပြီး သြဂုတ်လ ၂၅ ရက်အထိ ဆန်အိတ်ပေါင်း (၃)သိန်းကျော်ထုတ်ရောင်းပေးထားပြီး ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာဆန်တွေ ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ xinhua english and the star သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လက်ရှိအချိန်မှာ ပြည်တွင်းဆန်ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်ဖို့ ကြိုးပမ်းနေရပြီး ဆန်ဈေးကွက်အခြေအနေတည်ငြိမ်စေဖို့ အရန်ဆန်များကို သင့်တော်တဲ့ဈေးနှုန်းမျိုးနဲ့ ထုတ်ရောင်းချရမှုများရှိနေတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်း ဆန်ဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို မြန်မာကျပ်ငွေ ၁၅၀၀၀၀ ကျော်ပေါက်ဈေးရှိနေသလို ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို မြန်မာကျပ်ငွေ ၁၁၀၀၀၀ ပေါက်ဈေးရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကဆိုပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က "သတင်းအမှားတွေအပြင် လျှပ်စစ်မီး လုံ လောက်စွာမရတာက ဆန်ဈေးနှုန်းမြင့်တက်နေရတာမျိုးဖြစ်တယ်။ ဒါ့ပြင် ဆန်တွေကို သိုလှောင်ပြီး ဈေးကစားလိုသူတွေလည်းရှိနေပါတယ်"လို့ပြောပါတယ်။
ဆန်ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ဖို့ ပြည်ပကိုဆန်တင်ပို့နေတဲ့ ကုမ္ပဏီများ၊ ဆန်စက်များ၊ ဆန်ကုန်သည်များအပါအဝင် သက်ဆိုင်ရာအသင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စားသုံးသူများကို မျှတသော ဆန်ဈေးနှုန်းမျိုးနဲ့ ဝယ်ယူနိုင်အောင်ကြိုးပမ်းနေတယ်လို့ ၎င်းကပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ပဆန်တင်ပို့မှုတွေကို စက်တင်ဘာလ ၁ ရက်မှစတင်ပြီး ၄၅ ရက်ကြာ ကန့်သတ်ပိတ်ပင်သွားဖို့အစီအစဉ်တွေရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ပြည်ပဆန်တင်ပို့မှုတွေကို ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးနှုန်းတွေ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မှုတွေနဲ့အတူ မိုးနည်းမှုတွေရှိလာနိုင်ရာ ကမ္ဘာနိုင်ငံတွေမှာစိုက်ပျိုးထုတ်လုပ်မှုများ ကောင်းမွန်မှုမရှိမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျားဖောင်ရေလုပ်ငန်းအပေါ်ချမှတ်ထားတဲ့ စည်းမျဥ်းများကို ဖြေလျော့ပေးဖို့ အစိုးရထံ ဒေသခံများ တောင်းဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း