လေးထောင့်ကန်လမ်းမရှိ ILBC ကျောင်းအနီး ဖြစ်ပွားခဲ့သောယာဥ်တိုက်မှုကြောင့် ဓာတ်တိုင်များလဲကျပျက်စီးခဲ့ရာ မြို့နယ်(၆)ခု၌ ဓာတ်အားများပြတ်တောက်နေ
NSS - သြဂုတ် ၂၆
ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမတွင် ယာဥ်တိုက်မှုကြောင့် ဓာတ်တိုင်များလဲကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယမန်နေ့ (သြဂုတ်လ ၂၅ ရက်)၊ ည(၁၁)နာရီခွဲအချိန်တွင် သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမရှိ ILBC ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ Honda Insight ယာဥ်တစ်စီးသည် ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်းလမ်းကြီးအနီး လမ်းမကြီးပေါ်ရှိ ပင်မဓာတ်အားလိုင်းမီးတိုင်များအား ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် ဓာတ်တိုင်အချို့ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
"Honda Insight က ဓာတ်တိုင်(၃)တိုင်ကိုတိုက်လိုက်တယ်။ လဲတဲ့ဟာလည်းရှိတယ် နောက်ဆုံးတိုင်ကတော့ ယိုင်သွားတာပေါ့။ ပြီးတော့ အဲဒီလိုတွေဖြစ်လို့ တားနေရင်းနဲ့ကို နောက်ထပ် Probox က ဝင်လာပြီးတော့ လဲနေတဲ့ ဓာတ်တိုင်တွေနဲ့ ထပ်တိုက်မိတယ်" ဟု Medical လူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဥ်တွင် ဓာတ်တိုင်များကို စတင်တိုက်ခဲ့သည့် Honda Insight ယာဥ်မောင်းသည် ထွက်ပြေးသွားခဲ့ပြီး Probox ယာဥ်ပေါ်မှ အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် 66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းတွင် 66kV ဓာတ်တိုင်(၃)တိုင် ကျိုး၍ အခြားဓာတ်တိုင်(၃)တိုင်ယိုင်သွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ 66kV တာမွေဈေး(GIS)ခွဲရုံ၊ 66kV ကျိုက္ကဆံခွဲရုံ၊ 33kV နတ်ချောင်းခွဲရုံ၊33kV ရာမကွင်းခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသော တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ သာကေတမြို့နယ်များ၏ ရပ်ကွက်၊ နေရာများတွင် ဓာတ်အားပြတ်တောက်လျှက်ရှိကြောင်း YESC က အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုများမြင့်မားလာစေရန် နိုင်ငံ့စီးပွားရန်ပုံငွေများထုတ်ပေးရန် စီစဉ်နေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း