ကျေးလက်ဒေသများတွင် အသေးစားရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ ဆိုလာတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်နေဟုဆို
ရဲပြည့်(NSS) - ဩဂုတ် ၂၄
မဟာဓာတ်အားလိုင်းနှင့်ဝေးကွာသည့် ကျေးလက်ဒေသများတွင် အသေးစား ရေအားလျှပ် စစ်၊ လေအားလျှပ်စစ်၊ ဆိုလာစသည့် အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က ပြောသည်။
၎င်းက ဩဂုတ်လ ၂၂ ရက် နှင့် ၂၃ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (41st ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ၏ အကြိုညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံတွင် မီးလင်းရန် ကျန်ရှိနေသည့် ကျေးရွာသည် ၂၂၈၅၇ ခုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ရည်မှန်းချက်ပြည့်မီအောင် အလေးထားဆောင်ရွက်လျက်ရှိပြီး အနာဂတ်စွမ်းအင်ကဏ္ဍတွင်လည်း သဘာဝ ဓာတ်ငွေ့သည် အရေးကြီးသည့်အခန်း ကဏ္ဍတွင်ပါဝင်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုလာ၊ လေအား နှင့် အခြားပြန်ပြည့်မြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်က ထည့်သွင်းပြောကြားသည်။
ထို့ပြင် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့အတွက်လည်း မူဝါဒများချမှတ်ဆောင်ရွက်နေပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ၊ နိုင်ငံတကာစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှစ်စစ်ဓာတ်အား၊ ကာဗွန်နည်းပညာ၊ နျူးကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံနိုင်ငံများအကြား၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများအကြား၊ အာဆီယံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြန်ဝင်လာတဲ့အရေအတွက်က ထွက်သွားတဲ့အရေအတွက်ထက် ပိုများနေကြောင်း ဝန်ကြီးဦးအောင်နိုင်ဦးပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း