အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုများအတွက် အဓိကအင်ဂျင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ ချီးကျူးပြောဆို
Pika (NSS) - သြဂုတ် ၂၃
အိန္ဒိယနိုင်ငံသည် ၎င်း၏ စီးပွားရေးကို ဆက်လက်တိုးချဲ့နေမှုနှင့်အတူ လာမည့်နှစ်များအတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အင်ဂျင်တစ်ခုဖြစ်လာနိုင်ရန် ရည်မှန်းထားကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက BRICS ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်မိုဒီသည် ပြီးခဲ့သည့် (၉)နှစ်အတွင်း အိန္ဒိယနိုင်ငံကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကနေရာတစ်ခုဖြစ်အောင် ကြိုးပမ်းခဲ့သော အိန္ဒိယအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ပြပြောဆိုခဲ့ပြီး မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာ့အရေးအခင်းများကြားတွင် အိန္ဒိယနိုင်ငံစီးပွားရေးတိုးတက်ဖွံ့ဖြိုးလာမှုများကို ချီးကျူးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးတန်ဖိုးသည် လာမည့်နှစ်များအတွင်း အမေရိကန်ဒေါ်လာ(၅)ထရီလီယံထိ ရှိလာမည်ဟု မျှော်မှန်းထားကြောင်း မိုဒီက ပြောကြားခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် အလျင်မြန်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
မိုဒီက "ကမ္ဘာ့စီးပွားရေးအခြေအနေဟာ ပိုမိုယိုယွင်းလာနေပေမယ့်လည်း အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု အတွက် အဓိကအင်ဂျင်တစ်ခုဖြစ်လာနိုင်ပါတယ်။ အိန္ဒိယဟာ ကိုဗစ်(၁၉)ကပ်ရောဂါကို စီးပွားရေးပြုပြင်ပြောင်းလဲ မှုတွေလုပ်ဆောင််ဖို့ အခွင့်အလမ်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲမှုတွေကို ပိုမို လုပ်ခဲ့ပြီးတော့ အိန္ဒိယရဲ့စီးပွားရေးဟာ တစ်ဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံကို ပြည်တွင်းနှင့်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်ပြေသောနေရာတစ်ခုအဖြစ်လုပ်ဆောင်မည်ဆိုသည့် အိန္ဒိယအစိုးရ၏ ကတိဝတ်ကို မိုဒီက အလေးပေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။ ကိုဗစ်(၁၉)ကပ်ရောဂါ နှင့် နောက်ဆက်တွဲပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အရေးကြီးသော စုပေါင်းအခန်းကဏ္ဍကိုလည်း မိုဒီကအလေးပေး ပြောဆိုခဲ့ကြောင်း သိရသည်။
BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် ဩဂုတ်လ(၂၂)ရက်တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့သို့ ရောက်ရှိလာခဲ့သော အိန္ဒိယဝန်ကြီးချုပ်မိုဒီကို တောင်အာဖရိကဒုသမ္မတ Paul Shipokosa Mashatile က ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။ တောင်အာဖရိက ဒုသမ္မတ Paul Shipokosa Mashatile သည် ဂျိုဟန်နက်စ်ဘာ့ချ်မြို့ရှိ တီဗွီဖန်သားပြင်များပေါ်တွင် ဝန်ကြီးချုပ်မိုဒီ၏ ရုပ်ပုံကိုဖော်ပြထားကာ ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများ၏ မိသားစုဝင်များကို နစ်နာကြေးပေးအပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ