၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဖြစ်ပေါ်ပြီးနောက် လက်နက်ကိုင်(၃)ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖယ်သွားဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
မြူနစ် (NSS) - သြဂုတ် ၂၂
၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဖြစ်ပေါ်ပြီးနောက် လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖယ်သွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက ယနေ့(သြဂုတ်လ ၂၂ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နစက၏သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရစဉ်အချိန်မှစ၍ လက်နက်ကိုင်တိုက်ခိုက်မှု အမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့ကာ လက်နက်ကိုင်တိုက်ခိုက်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် လိုအပ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သော အစိုးရလက်ထက်များ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ရှိခဲ့သည်။
“၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ဟာ NCA လမ်းကြောင်းကနေ သွေဖယ်ပြီး NCA ကို ပစ်ပယ်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ကတော့ တိုင်းပြည်ငြိမ်းချမ်းမှုရရှိစေဖို့ NCA ပါသဘောတူညီချက်များနဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်”ဟု နစကပြောခွင့်ရက ပြောသည်။
NCA လမ်းကြောင်းပေါ်မှ သွေဖယ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် KNU၊ CNF နှင့် ABSDF တို့ဖြစ်ပြီး လက်ရှိတွင်လည်း နစကအစိုးရအား လက်နက်ကိုင်တော်လှန်လျက်ရှိသည်။
လက်ရှိ နစက၏ NSPNC အနေဖြင့် NCA ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂)ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းတွင် တက်ရောက်ခဲ့သည့် လက်နက် ကိုင်အဖွဲ့များ၏ လိုလာချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို စနစ်တကျစုစည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်ဟုန်မပြတ်ဆောင်ရွက်နိုင်ရေး စီစဉ်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း အမြဲတံခါးဖွင့်ကာ ကြိုဆိုနေကြောင်းလည်း ၎င်းက ထပ်မံကာ အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီစက်များအဆင့်မြှင့်တင်ရေးအတွက် ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးရန် စီစဉ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း