မြန်မာ-တရုတ် နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC တည်ဆောက်ရေးစီမံကိန်း (၇၀)ရာခိုင်နှုန်းနီးပါးပြီးစီး
ယွန်း (NSS) - သြဂုတ် ၂၁
(၃)နှစ်နီးပါးကာလအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ တည်ဆောက်နေသည့် Myanmar Centers for Disease Control and Prevention; Health Staff Training Centers (Myanmar CDC) တည်ဆောက်ရေးစီမံကိန်း (၇၀)ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့် သြဂုတ်လ(၁၉)ရက်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်နေသည့် အဆိုပါစီမံကိန်းကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး (၃)နှစ်နီးပါးကာလအတွင်း တည်ဆောက်မှုသည် (၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ယခုနှစ်(၂၀၂၃)တွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။
တည်ဆောက်ရေးစီမံကိန်းအား မြန်မာနှင့် တရုတ်တို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးရေးအတွက် ဗဟိုဌာနတစ်ခုအား မြန်မာနိုင်ငံတွင် ထူထောင်သွားရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလားတူ အခြားသော ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားဖြည့် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည့်အတွက် အလွန်အရေးကြီးသော စီမံကိန်းဖြစ်ပြီး အချိန်မီ ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း (Myanmar CDC) သည် ယွမ်သန်း (၄၀၀)ခန့်တန်ဖိုးရှိသော နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး (ဇီဝလုံခြုံမှုအဆင့်-၃) Biosafety Level- 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေးစနစ်များပါရှိသော (၃)ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အဦတို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် သင်တန်းသား၊ သင်တန်းသူ (၄၀၀)ဦးခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် (၃)ထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦးနှင့် (၂)ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦးတို့ပါရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြင့်ဆုံး စံချိန်တင်ခဲ့သည့် ရွှေဈေး နှင့်ဒေါ်လာဈေးများ ယနေ့ ပြန်လည်ကျဆင်းလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ