မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုများကြောင့် ပဲခူးမြို့ အပါအဝင် ဒေသ(၄)ခု၌ ရေဘေးသင့်ဦးရေ ငါးသောင်းခန့်ရှိခဲ့ဟု UNOCHA ဆို
ယွန်း (NSS) - သြဂုတ် ၁၇
မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုများကြောင့် ပဲခူးတိုင်းဒေသကြီး အပါအဝင် ဒေသ(၄)ခု၌ ရေဘေးသင့်ဦးရေ အနည်းဆုံး ငါးသောင်းခန့်ရှိကြောင်း UNOCHA MYANMAR မှ ထုတ်ပြန်ထားသည်။
UNOCHA MYANMAR မှ သြဂုတ်လ(၁၆)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မုတ်သုံမိုးကြီးပြီး မြစ်ချောင်းများရေလျှံမှုကြောင့် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်(၁၆)ခု၌ အနည်းဆုံး ရေဘေးသင့်ဦးရေ(၅ဝဝဝဝ)ခန့်ရှိ ကြောင်း UNOCHA မှ ခန့်မှန်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လ(၁ဝ)ရက်အထိ လူဦးရေ(၃ဝဝဝဝ)ကျော်အား ရေဘေးလွတ်ရာယာယီစခန်းများသို့ ပို့ဆောင်ပေးခဲ့ရပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သြဂုတ်လ(၉)ရက်၌ အသက်(၂)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ နမ့်လမ်းမြို့နယ်တွင်လည်း မြေပြိုမှုကြောင့် ကျေးရွာချင်းဆက်တံတားနှစ်စင်းပျက်စီးခဲ့ရာ သွားလာရေးများ ယာယီပြတ်တောက်ခဲ့ကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။
အလားတူ ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဩဂုတ်လ (၇) ရက် နှင့် (၈) ရက်တို့တွင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေအပါအဝင် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ကနဦးအချက်အလက်များအရ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ယာယီအိမ်ခြေ (၄) ခန့် ပျက်စီးခဲ့ကြောင်း UNOCHA မှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇)လအတွင်း ယာဉ်တိုက်မှုပေါင်း (၃ဝဝဝ)နီးပါးဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ