တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ (၂၅)ရက်မှစတင်ပြီး လျှောက်ထားနိုင်ကြောင်း အသိပေး
ယွန်း (NSS) - သြဂုတ် ၁၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ ၂၅ ရက်မှစတင်ပြီး ပိတ်ရက်မရှိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သြဂုတ်လ(၁၆)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို သြဂုတ်လ(၂၅)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်ခွင့်စာအိတ်ကို တက္ကသိုလ်ပေါင်း(၂၆)ခု၌ သြဂုတ်လ(၂၅)ရက်မှ စက်တင်ဘာလ (၁၀)ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ဌာနခွဲ)၊သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျင်းပခဲ့ပြီး အောင်စာရင်းကို ဇွန်လ (၉)ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းသည် (၆၇.၈၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကို ပိတ်ရက်များတွင် အစားထိုးသင်ကြားရန် စီစဉ်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း