တစ်နိုင်ငံလုံး၌ Biometric အချက်အလက်များကောက်ယူလျက်ရှိရာ လူဦးရေ(၇)သိန်းကျော် ကောက်ယူပြီးဖြစ်ဟု နစက ဝန်ကြီးဆို
မျိုးကြီး (NSS) - သြဂုတ် ၁၆
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကောက်ယူလျက်ရှိရာတွင် လူဦးရေ (၇) သိန်းကျော် ကောက်ယူပြီးဖြစ်ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်က ယမန်နေ့(သြဂုတ်လ ၁၅ ရက်)တွင် နေပြည်တော်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးသည် e-ID စနစ်ဖြစ်ပြီး ၎င်း e-ID စနစ်၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူရေးသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း (e-ID)ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR) ဖြင့် ခွင့်ပြုသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသား စသည်တို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူပြီး Database တွင်သိမ်းဆည်း၍ ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ် မှတ်ကာ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆောင်ရွက်သည့်လုပ်ငန်းဖြစ် ကြောင်း သိရသည်။
Biometric အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများတွင် စတင်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများအလိုက်ကောက်ယူလျက်ရှိရာတွင် ယခုနှစ် သြဂုတ်လ ၁၀ ရက်အထိ လူဦးရေ(၇)သိန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။
၎င်းလုပ်ငန်းစဉ်များသည် ဌာန၏ လက်ငင်းဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပမာဏနှင့် အချိန်ကာလသတ်မှတ်ချက်များအတိုင်း ပြီးစီးအောင်မြင်ရေး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်ဟုလည်း ဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
ထို့ပြင် နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူသွားရန် ပြင်ဆင်လျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)ရက်နီးပါး ပျောက်ဆုံးနေသည့် (၄)နှစ်အရွယ်ကလေးငယ်အား ရေမြောင်းထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ