ကိုဗစ်ကပ်ရောဂါ နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုနည်းပါးခဲ့မှုအပေါ် UNOCHA အကြီးအကဲကို နစက ထောက်ပြ
မြူနစ် (NSS) - သြဂုတ် ၁၆
မြန်မာနိုင်ငံ၌ ကိုဗစ်ကပ်ရောဂါနှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုနည်းပါးခဲ့မှုအပေါ် UNOCHA အကြီးအကဲကို နစကဘက်က ထောက်ပြဆွေးနွေးခဲ့သည်။
ယမန်နေ့(သြဂုတ်လ ၁၅ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့ နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည့်အခြေအနေများအား နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် နစကအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများ ပြန့်နှံ့လျက်ရှိမှုနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အခြေအနေမှန်များကိုသိရှိရန် လိုအပ်လျက်ရှိသည့်အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် UNOCHA အကြီးအကဲတို့အကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများ နည်းပါးခဲ့မှုအခြေအနေများကိုလည်း နစကဘက်က UNOCHA အကြီးအကဲအား ထောက်ပြဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သော ဧပြီလအတွင်းကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်သူ မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ထိုသို့ မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကို အဆိုးဆုံးခံစားခဲ့ရသည့် တတိယလှိုင်းအချိန်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်ဖြင့် ကိုဗစ်ကာကွယ် ဆေးမရရှိခဲ့သည့်အခြေအနေများကို နစကဥက္ကဋ္ဌက ထောက်ပြဆွေးနွေးခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမီးယောက္ဖနှစ်ဦးစကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှု မာန်အောင်မြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ